မြန်မာ့ပင်လယ်ပြင် ငါးသယံဇာတ နည်းပါးလာဟု ဒု-၀န်ကြီးပြော

ပို့စ်တင်ချိန် - 1/30/2014 06:32:00 PM


မြန်မာ့ပင်လယ်ပြင်မှာ ငါးသယံဇာတတွေ နည်းပါးလာပေမယ့် ကမ်းဝေး ငါးဖမ်းလုပ်ငန်း ကိုတော့ ပိတ်ပင်ဖို့ မရှိသေးဘူးလို့ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဒေါက်တာအောင်မြတ်ဦးက ပြောပါတယ်။

ဇန်န၀ါရီ ၂၉ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ရခိုင်ပြည်နယ်အမှတ် ၆ မဲဆန္ဒနယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ် မေးတာကို သူက ခုလို ဖြေကြားလိုက်တာပါ။

ငါးဖမ်းလုပ်ငန်း အသိုင်းအ၀ိုင်းက ကောက်ယူထားတဲ့ စစ်တမ်းတွေအရ အရင်က ငါးဖမ်း ရေယာဉ် ၁ စင်း ကုန်ချိန်အပြည့်ရဖို့ ၁၅ ရက် ရက် ၂၀ အချိန်ယူခဲ့ရပေမယ့် အခု နောက်ပိုင်း ၄၅ ရက်ကနေ ရက်ပေါင်း ၆၀ လောက် အချိန်ယူရကြောင်း၊ ငါးသယံဇာတ ရှားပါးလာတာ အမှန်ဖြစ်ကြောင်း ပြည်ထောင်စုဒုဝန်ကြီးက ၀န်ခံပြောဆိုပါတယ်။

ဒါပေမယ့် ကမ်းဝေး ငါးဖမ်းလုပ်ငန်းကို ပိတ်ပင်လိုက်ရင် ရေငန် ငါးဖမ်းဆီးမှုနဲ့ ပြည်ပ တင်ပို့မှုကို ထိခိုက်သွားစေမှာ ဖြစ်ကြောင်း၊ ငါးဖမ်းလုပ်ငန်း၊ အအေးခန်းလုပ်ငန်းတွေနဲ့ ဆက်စပ် လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမား စုစုပေါင်း ၆ သောင်းနီးပါး အလုပ်လက်မဲ့ ဖြစ်သွားမယ့်အပြင် ပြည်တွင်းငါး စားသုံးမှုအပေါ်ကိုလည်း အကျိုးသက်ရောက်စေမှာ ဖြစ်လို့ ပိတ်ပင်ဖို့ မဖြစ်နိုင်သေးဘူးလို့ ပြည်ထောင်စုဒုဝန်ကြီးက ရှင်းလင်းခဲ့ပါတယ်။

DVB Burmese