ရေမျောကမ်းတင် ပြည်ကြီးငါး

ပို့စ်တင်ချိန် - 1/12/2014 07:00:00 AM


ပြည်ကြီးငါး လို့ခေါ်ကြတဲ့ ကင်းမွန်တကောင် ရေမျောကမ်းတင်ဖြစ်နေပုံသတင်းတပုဒ် အွန်လိုင်းမှာ တွေ့နေရပါတယ်။

ပုံထဲမှာတော့ အင်မတန်ကြီးမားလွန်းပါတယ်။

ကြီးလွန်းတဲ့အတွက် စိုင်းဆိုင်မောဝ် သီချင်းထဲက မန္တလေးဘက်သို့ကုန်တင်ကာသွားတဲ့ "GMC လို ကားကြီးမျိုး" နဲ့ သယ်လို့လည်း မဖြစ်နိုင်ပါဘူး။

ပင်လယ်ကမ်းခြေနဲ့တော့ မတူပါဘူး၊ ရေကန် ကမ်းစပ်၊ မြစ်ကမ်းစပ်တို့နဲ့ ပိုတူပါတယ်။

ဒီပုံက ကွန်ပြူတာနဲ့ ပိပိရိရိ ဖြတ်ညှပ်ကပ်ထားတာလို့ ယူဆတယ် ဆိုရင် အဲဒီလို ယူဆချက်က မမှားပါ။

အမေရိကန် အနောက်ဘက်ကမ်းခြေ ဆန်တာမော်နီကာမှာ ဧရာမပြည်ကြီးငါး သောင်တင်နေကြောင်း ပေါက်ကရလေးဆယ်တင်တဲ့ အွန်လိုင်းစာမျက်နှာတခုမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ခပ်တည်တည်ရေးထားတာပါ။

ရေးတဲ့သူကလည်း ပျော်စေပျက်စေမူဝါဒအရ ရေးတယ်၊
ထပ်ဆင့်ဝေမျှဖတ်ရှုလိုသူကလည်း စေတနာနဲ့ ဝေမျှတယ်၊
သတင်းဖတ်ပြီး အံ့သြသူ ရှိသလို ပုံကြည့်ပြီး ကောင်းလိုက်တဲ့ ဖန်တီးချက်လို့ ချီးကျူးသူလည်း ရှိနိုင်ပါတယ်။

ပြည်ကြီးငါးက ပင်လယ်စာဖြစ်တဲ့အတွက် စားပြီးရင် အရေပြားယားတာမျိုး တချို့လူတွေ ကြုံရတတ်ပါတယ်။ အင်မတန် စားလို့ကောင်းတဲ့ အစားအစာတမျိုးပါ။ ပြုတ်၊ ကြော်၊ ကင်၊ သုပ် ကြိုက်သလိုလုပ်၊ ထည့်တဲ့ ချိုချဉ်ငံစပ်အပေါ်မူတည်ပြီး အရသာ ပြောင်းလဲပါလိမ့်မယ်။ ပြည်ကြီးငါး ချက်နည်းပြုတ်နည်းကို မကြာခင် ဖော်ပြပေးပါ့မယ်။

ဧရာဝတီ သတင်း