အော်ရီဒူးက ဇူလိုင်၊ တယ်လီနောက စက်တင်ဘာ ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်မည်

ပို့စ်တင်ချိန် - 1/31/2014 12:53:00 PM


ရန်ကုန်၊ ဇန်နဝါရီ ၃၀

အစိုးရထံမှ တရားဝင် ဆက်သွယ်ရေးလိုင်စင် ရရှိပြီးနောက် အော်ရီဒူး ကုမ္ပဏီက လာမည့် ဇူလိုင်လနှင့် တယ်လီနောက စက်တင်ဘာ လတို့တွင် ပြည်တွင်း၌ မိုဘိုင်းလ်ဖုန်း SIM Card များအပါအဝင် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို စတင် ရောင်းချသွားမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

ပြည်တွင်းတွင် မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ရန် တင်ဒါ အောင်မြင်ထားသော ကာတာကုမ္ပဏီ အော်ရီဒူးနှင့် နော်ဝေ ဆက်သွယ်ရေး ကုမ္ပဏီ တယ်လီနောတို့ကို ဇန်နဝါရီလ ၃၀ ရက်နေ့က မိုဘိုင်းလ် ဆက်သွယ်ရေးလုပ်ငန်း လိုင်စင် တရားဝင် ချထားပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မိုဘိုင်းလ် ဆက်သွယ်ရေး လုပ်ငန်းလိုင်စင်သည် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင်အသက်ဝင်မည် ဖြစ်ပြီး မြန်မာနိုင်ငံ အတွင်းတွင် သက်တမ်း ၁၅ နှစ်ကြာ မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများနှင့် ဆက်စပ် လုပ်ငန်းများကို လုပ်ကိုင်ခွင့် ရရှိမည်။

လိုင်စင် ရရှိပြီးနောက် ကာတာကုမ္ပဏီ အော်ရီဒူးက လာမည့် ခြောက်လအတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများကို စတင်ရောင်းချသွားမည် ဖြစ်ပြီး လာမည့် ငါးနှစ်အတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ လူဦးရေ၏ ၉၇ ရာခိုင်နှုန်းကို မိုဘိုင်းလ် ကွန်ရက် လွှမ်းခြုံနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကာ 3G ဝန်ဆောင်မှုများကို သုံးစွဲနိုင်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အော်ရီဒူး ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် Ross Cormack က ဆိုသည်။
“ခြောက်လအတွင်း ဝန်ဆောင်မှုများ ပေးနိုင်ရန် ကိစ္စကတော့ ပထမဆုံး စိန်ခေါ်မှုပါပဲ။ နောက်ပြီး ၂၀၁၅ မှာ တစ်နိုင်ငံလုံး ကွန်ရက် လွှမ်းခြုံနိုင်ဖို့အတွက် နေရာ အနှံ့အပြားမှာ တာဝါတိုင်တွေ တည်ဆောက် ရမှာပါ။ ဒါလည်း စိန်ခေါ်မှု တစ်ခုပါပဲ” ဟု ၎င်းကဆိုသည်။

အော်ရီဒူး ကုမ္ပဏီသည် SIM Card တန်ဖိုးကို အများဆုံး ၁၅၀၀ ကျပ် သတ်မှတ်ထားပြီး ဖုန်းခေါ်ဆိုခများကို ၄၅ ကျပ်ထက် မကျော်ဘဲ သုံးစွဲခွင့် ပြုသွားမည်ဟု ဆိုသည်။

ထို့အပြင် နော်ဝေ ဆက်သွယ်ရေးကုမ္ပဏီ တယ်လီနော အနေနှင့်လည်း ရှစ်လအတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးအပ်သွားရန် စီစဉ်ထားပြီး 2G နှင့် 3G စနစ်နှစ်မျိုးလုံးကို ကနဦးအနေဖြင့် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

လာမည့် ငါးနှစ်အတွင်း လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကို မိုဘိုင်းလ်ကွန်ရက် လွှမ်းခြုံနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပြီး HSPA နှင့် 4G LTE နည်းပညာများကို အသုံးပြု၍ မြန်မာနိုင်ငံတွင် ကွန်ရက် တည်ဆောက်သွားမည် ဖြစ်ကြောင်း တယ်လီနောမြန်မာမှ အမှုဆောင် အရာရှိချုပ် Petter Furberg က ပြောကြားသည်။

တယ်လီနော ကုမ္ပဏီသည် SIM Card တန်ဖိုးအများဆုံး ၁၅၀၀ ကျပ်နှင့် ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် အများဆုံး ၂၅ ကျပ်နှုန်းဖြင့် ခေါ်ဆိုခွင့်ပြုမည်ဟု ထုတ်ပြန်ထားသည်။

မည်သူက ဦးစွာဝန်ဆောင်မှု စပေးနိုင်သည်ထက် မည်သည့်အဖွဲ့က အရည်အသွေး ပိုကောင်းအောင် လုပ်ဆောင်မည်မှာ ပိုအရေးကြီးကြောင်း ကွန်ပျူတာ ပညာရှင် ကိုရဲဝင့်အောင်က ဆိုသည်။
“လောလောဆယ် လပိုင်းလောက်တော့ MPT ပြုသမျှ နုရဦးမှာပေါ့ဗျာ” ဟု ၎င်းကပြောဆိုသည်။

ထို့အပြင် ပြည်တွင်းတွင် မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို တစ်ဦးတည်း လုပ်ကိုင်ခွင့် ရရှိနေသော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကလည်း ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲရန် ပြင်ဆင်နေပြီး ပြည်ပမိတ်ဖက် ကုမ္ပဏီနှင့် ပူးပေါင်းရန် ဆောင်ရွက်နေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အခြားပြည်တွင်း အော်ပရေတာ တစ်ခုဖြစ်သော ပြည်တွင်းမှ ရတနာပုံ တယ်လီပို့ကလည်း သြဂုတ်လတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်နိုင်ရန် ပြင်ဆင်နေကြောင်း ကြေညာထားသည်။

The Voice Weekly Myanmar