၅ ယောက် ၁ ဖက် ဘောလုံးပြိုင်ပွဲ မြန်မာနှင့် ထိုင်း ဒီနေ့ ယှဉ်ပြိုင်မည်

ပို့စ်တင်ချိန် - 1/17/2014 02:05:00 PM


အမြင်အာရုံ မသန်စွမ်းသူတွေရဲ့ ၅ ယောက် ၁ ဖက် ဘောလုံးပြိုင်ပွဲ မြန်မာနဲ့ ထိုင်းအသင်းတို့ ဇန်န၀ါရီ ၁၇ ရက် ဒီနေ့ ညနေ ၃ နာရီ နေပြည်တော် ၀ဏ္ဏသိဒ္ဓိအားကစားရွာရှိ ဖူဆယ်ပြိုင်ပွဲရုံမှာ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

မြန်မာနဲ့ ထိုင်းပွဲစဉ်နဲ့ ပတ်သက်ပြီး ဆက်ဆံရေးအရာရှိဖြစ်တဲ့ ဦးကျော်သက်ဇော်က “ကျနော်တို့ မြန်မာအသင်းအနေနဲ့ အားနည်းချက်က အတွေ့အကြုံနဲ့ လေ့ကျင့်ချိန်ပါ။ ကျန်တဲ့အသင်းတွေက အတွေ့အကြုံနဲ့ လေ့ကျင့်ချိန် တော်တော် ရှိထားတယ်။ မြန်မာက အခုမှ ပထမဆုံး စကစားတာပါ” လို့ ပြောပါတယ်။

အမြင်အာရုံ မသန်စွမ်းသူတွေရဲ့ ၅ ယောက် ၁ ဖက် အားကစားနည်းတွင် အိမ်ရှင် မြန်မာ၊ ထိုင်းနဲ့ မလေးရှားအသင်းတို့ ၃ သင်းပတ်လည် ၀င်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။

ပြိုင်ဘက်အသင်းများနဲ့ ပတ်သက်ပြီး မြန်မာအသင်းရဲ့ နည်းပြဖြစ်သူ ဦးဖြိုးဇော်အောင်က “တဘက်အသင်းကတော့ အရမ်းကောင်းပါတယ်။ မြန်မာအသင်းအနေနဲ့ ကတော ပထမဆုံး အတွေအကြုံဆိုတော့ အကောင်းဆုံး ကစားနိုင်မှာပါလို့တော့ မျှော်လင့်ပါတယ်။”လို့ ပြောပါတယ်။

ထိုင်းအသင်းဟာ ဇန်န၀ါရီ ၁၆ ရက်နေ့ ပထမဆုံးပွဲစဉ်မှာ မလေးရှားအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဒုတိယပွဲစဉ်အဖြစ် အိမ်ရှင် မြန်မာအသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဆုတံဆိပ်ဆု ရရှိနိုင်မှုအခြေအနေနဲ့ပတ်သက်လို့ ဆက်ဆံရေးအရာရှိဖြစ်တဲ့ ဦးကျော်သက်ဇော်က “ထိုင်းကို နိုင်ရင်တော့ မျှော်လင့်လို့ ရတယ်။ ဖြစ်နိုင်ချေတော့ နည်းတယ်။ နောက်ပွဲစဉ်ဖြစ်တဲ့ မလေးရှားကို နိုင်ရင် ငွေဆိုတာ သေချာမယ်။ ၂ ပွဲလုံး နိုင်ရင်တော့ ရွှေကတော့ သေချာပါတယ်”လို့ ပြောပါတယ်။

ပြိုင်ပွဲကို ဇန်န၀ါရီ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ထိ နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားရွာမှာ အားကစားနည်း ၁၂ မျိုးကို ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။

အိမ်ရှင် မြန်မာနိုင်ငံ အပါအဝင် အာဆီယံဒေသတွင်းနိုင်ငံမှာ မသန်စွမ်း အားကစားသမား ၁၁ဝဝ ကျော် ယှဉ်ပြိုင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံက အားကစားသမား ၂၁၃ ဦး ပါဝင်မှာ ဖြစ်ပါတယ်။

ပါရာဂိမ်းပြိုင်ပွဲကို မလေးရှားနိုင်ငံမှာ ၂၀၀၁ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်ခဲ့ပြီး ၇ ကြိမ်မြောက် အာဆီယံပါရာဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတာပါ။
DVB