၂၀၁၄ စီးပွားရေးအလားအလာ

ပို့စ်တင်ချိန် - 1/02/2014 09:15:00 AM


-----------
ရေးသားသူ- အောင်သူရ၊ ပြည်သိမ်း

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ၏စီးပွားရေးကို ရိုက်ခတ်စေမည့် လုပ်ဆောင်ချက်ခြောက်ခုရှိသည်။ နိုင်ငံခြားဘဏ်များကို ၂၀၁၄ နှစ်ဆန်းပိုင်းတွင် လုပ်ပိုင်ခွင့်ပြုရန် စီစဉ်ထားခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေနှစ်ခုကို တစ်ခုတည်းဖြစ်အောင် ပြန်လည်ပြဋ္ဌာန်းရန်ရှိခြင်း၊ အီးယူ-မြန်မာအလုပ်အဖွဲ့၏ သဘောတူညီချက်များ၊ ပို့ကုန်မြှင့်တင်ရေးမဟာဗျူဟာစတင်ခြင်း၊ အာဆီယံဥက္ကဋ္ဌတာဝန်ယူခြင်းနှင့် ထိုင်းနှင့်မလေးရှားနိုင်ငံတို့ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခြေအနေများတို့ဖြစ်သည်။

အဆိုပါအချက်များသည် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းအတွက် အကောင်းဖြစ်လာနိုင်သလို ဆိုးကျိုးသက်ရောက်မှုလည်း ရှိလာနိုင်သည်။

မြန်မာအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ထားသော နိုင်ငံခြားဘဏ်များကို ၂၀၁၄ ခုနှစ် ပထမ ၄ လအတွင်း ၀န်ဆောင်မှုအချို့ကို ခွင့်ပြုပေးနိုင်ရန် စီစဉ်လျက်ရှိသည်။ ပထမအဆင့်အနေဖြင့် အစိုးရက နိုင်ငံခြားဘဏ်များအား ပြည်တွင်းဘဏ်များနှင့် ပူးပေါင်းဖွင့်လှစ်ခွင့်ပြုရန် ဘဏ်ခွဲဖွင့်လှစ်ပေးရန်နှင့် ၁၀၀ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံခွင့်ပေးရန်တို့ဖြစ်သည်။ အဆိုပါအချက်သုံးချက်မှ နှစ်ချက်ခွင့်ပြုပေးရန်ရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံး ငါးဆယ်ကျော်ရှိသည်။

အဆိုပါအချက်သုံးချက်မှ နိုင်ငံခြားဘဏ်များအနေဖြင့် ပြည်တွင်းဘဏ်များနှင့် ပူးပေါင်းလုပ်ကိုင်လိုသော ဆန္ဒမရှိကြောင်း မြန်မာ့ရှေ့ဆောင်ဘဏ်မှ ဒုတိယအုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်စိုးမင်းကဆိုသည်။

သို့သော် ဘဏ်ခွဲဖွင့်ခွင့်နှင့် ငွေချေးဝန်ဆောင်မှုများ ပေးလိုက်ပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လိုက်လာနိုင်သည်ဟု ဦးကျော်စိုးမင်းကဆိုသည်။

သို့သော် ၂၀၁၄ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် ပတ်သက်၍ “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ကိုကာကိုလာစီးပွားရေးပဲ သောက်ရင်တော့ အဆာပြေသွားတယ်။ ဒါပေမဲ့ ဗိုက်မ၀ဘူး အာဟာရမဖြစ်ဘူး”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်ကသုံးသပ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ရေးဆွဲပြဋ္ဌာန်းခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေကို တစ်ခုတည်းပေါင်းစပ်ရန်အတွက် ပြင်ဆင်ရေးဆွဲလျက်
ရှိသည်။ ထိုကဲ့သို့ပေါင်းစပ်လိုက်သည့်ဥပဒေကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင်ကျင်းပမည့် လွှတ်တော်၌ တင်ပြနိုင်ရန် ရေးဆွဲလျက်ရှိသည်ဟုလည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူကဆိုသည်။

“ရှိပြီးသား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေထဲကို မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေ ထည့်ပေးလိုက်ပြီး win-win ဖြစ်အောင်လုပ်ရင်တော့ ဘာပြဿနာမှမရှိနိုင်ဘူး”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌဦးနှင်းဦးကသုံးသပ်သည်။

လက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွင် နိုင်ငံခြားသားများကို အခွန်ကင်းလွတ်ခွင့်ပေးထားပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေတွင် နိုင်ငံသားများအား အခွန်ကင်းလွတ်ခွင့်မပေးထားပေ။ ထို့ကြောင့် အဆိုပါဥပဒေနှစ်ရပ်ပေါင်းကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် မြန်မာနိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်များကို တန်းတူအခွင့်အရေးပေးလိုက်ပါက ပြည်တွင်းလုပ်ငန်းရှင်ကြီးများနှင့်မယှဉ်နိုင်သော လူငယ်စီးပွားရေးလုပ်ငန်းရှင်များအတွက် အခြေအနေပိုကောင်းလာနိုင်သည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။

နောက် အရေးပါသောသက်ရောက်မှုတစ်ခုမှာ ၂၀၁၃ နိုဝင်ဘာလအတွင်း အီးယူ-မြန်မာအလုပ်အဖွဲ့ ဆွေးနွေးပွဲများမှ သဘောတူညီမှုများဖြစ်သည်။ အဆိုပါဆွေးနွေးပွဲများအရ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းတို့တွင် နက်နက်ရှိုင်းရှိုင်းပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုးခဲ့ကြသည်။ အီးယူရင်းနှီးမြှုပ်နှံမှုဘဏ်နှင့် မြန်မာနိုင်ငံဗဟိုဘဏ်တို့သည် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြပြီး အီးယူရင်းနှီးမြှုပ်နှံမှုဘဏ်မှ ၂၀၁၄ ခုနှစ်မှစတင်ကာ ချေးငွေထုတ်ချေးရန် သဘောတူညီခဲ့ကြသည်။

အဆိုပါသဘောတူညီချက်ကို အီးယူလွှတ်တော်မှ အတည်ပြုပြီး အသေးစားနှင့်အလတ်စားလုပ်ငန်းရှင်များသို့ ပြည်တွင်းဘဏ်များမှတစ်ဆင့် ငွေထုတ်ချေးမည်ဖြစ်ပြီး နှစ်စဉ်ယူရိုသန်း ၃၀ မှ ၁၀၀ ကြား ထုတ်ချေးနိုင်လိမ့်မည် ဖြစ်သည်။

သို့သော် အီးယူ-မြန်မာအလုပ်အဖွဲ့ဆွေးနွေးပွဲများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို လျစ်လျူမရှုရန်နှင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စီးပွားရေးအရ တာဝန်ယူမှုတစ်ခုတည်းနှင့် မြန်မာနိုင်ငံသို့မလာရန် နိုင်ငံရေးအရတာဝန်ယူမှုပါ ဆောင်ရွက်ရန် ပြောကြားခဲ့သည်။ ထိုပြောကြားချက်ကြောင့် ဥရောပမှ ရင်းနှီးမြှုပ်နှံမည့်သူများအနေဖြင့် လက်တွန့်သွားခဲ့ကြောင်း အဆိုပါအစည်းအဝေးသို့
တက်ရောက်ခဲ့သူ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ထို့အပြင် ဥရောပသမဂ္ဂအောက်ရှိ ကုန်အမှတ်တံဆိပ် လေးသောင်းခန့်သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်ရှိသော်လည်း ၎င်းတို့ကို ကာကွယ်ပေးနိုင်မည့် တိကျသည့် မူပိုင်ခွင့်မရှိသဖြင့် စောင့်ကြည့်နေဆဲဖြစ်သည်ဟု အီးယူ-မြန်မာရုံးခွဲ၏ မြန်မာနိုင်ငံရေးရာကျွမ်းကျင်မှုတာဝန်ခံ ဥပဒေပညာရှင် ဦးမင်းတေဇာညွန့်တင်ကပြောကြားသည်။

“Market တွေ ဖွင့်ပေမယ့် တိုးတက်အောင်လုပ်ဖို့ မလွယ်သေးဘူး။ အီးယူတို့ အမေရိကန်တို့ ဈေးကွက်တွေပွင့်လာပေမယ့် စံချိန်စံညွှန်းသတ်မှတ်ချက်များကြောင့် ဈေးကွက်ရဖို့မလွယ်သေးဘူး”ဟု အီးယူ-မြန်မာအလုပ်အဖွဲ့တွင် ပါဝင်သူ ဦးနှင်းဦးကသုံးသပ်သည်။

ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့က လေ့လာထားသော (Doing Business 2014) အစီရင်ခံစာတွင် တစ်ကမ္ဘာလုံးရှိ နိုင်ငံပေါင်း ၁၈၉ နိုင်ငံ၌ မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် ခက်ခဲသော နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံရပြီး အဆင့် ၁၈၂ တွင် တည်ရှိနေခြင်းမှာလည်း မြန်မာနိုင်ငံစီးပွားရေးအတွက် စိန်ခေါ်မှုတစ်ခုပင်ဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရန်အတွက် အစိုးရအနေဖြင့် အထူးစီးပွားရေးဇုန်သုံးခု တည်ဆောက်လျက်ရှိသည်။ ထိုအထူးစီးပွားဇုန်သုံးခုကို၂၀၁၃ နိုဝင်ဘာ ၃၀ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ထားဝယ်ရေနက်ဆိပ်ကမ်းမှာမူ အကောင်အထည်မဖော်နိုင်သေးပေ။ အထူးသဖြင့် ထားဝယ်ရေနက်စီမံကိန်းမှာ ထိုင်းနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ကြန့်ကြာနေဦးမည်ဖြစ်သည်။

သို့သော် သီလ၀ါအထူးစီးပွားရေးဇုန် ဖွင့်လှစ်နိုင်ခြင်းမှာ မြန်မာနိုင်ငံသို့ အလုံးအရင်းဖြင့် ၀င်ရောက်ရန်ပြင်ဆင်နေသော ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာရန် တွန်းအားတစ်ခု
ဖြစ်ခဲ့သည်။

ထို့အပြင် စွမ်းအင်ကဏ္ဍနှင့် ဆက်သွယ်ရေးကဏ္ဍတိုင်းတွင် တင်ဒါအောင်ထားသော လုပ်ငန်းများမှာ ၂၀၁၄ ခုနှစ်တွင် ၀င်ရောက်လုပ်ကိုင်လာမည်ဖြစ်သည်။ စွမ်းအင်ကဏ္ဍတွင် လုပ်ကွက် ၃၀ လေလံတင်ထားပြီး လေလံအောင်သည့်စာရင်းကို ဇန်န၀ါရီတွင် ကြေညာမည်ဖြစ်သည်။ ဆက်သွယ်ရေးကဏ္ဍတွင် လေလံအောင်ထားသော အော်ပရေတာနှစ်ခုလည်း ၂၀၁၄ ခုနှစ်အတွင်း တရားဝင်လုပ်ကိုင်နိုင်တော့မည်ဖြစ်သည်။

မြန်မာနိုင်ငံအတွက် အခြားအရေးကြီးသော လုပ်ငန်းမှာ ပို့ကုန်လုပ်ငန်းဖြစ်သည်။ အစိုးရအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ပို့ကုန်လုပ်ငန်းမြှင့်တင်နိုင်ရန်အတွက် ပို့ကုန်မဟာဗျူဟာအား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါစီမံကိန်းမှ ဆန်၊ ပဲ၊ ရေထွက်ပစ္စည်း သစ်တောထွက်ပစ္စည်း အထည်ချုပ်လုပ်ငန်းနှင့် ရော်ဘာကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်ရန် ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ၂၀၁၄ ခုနှစ်တွင် ဆန်နှင့် အထည်ချုပ်လုပ်ငန်းများ ကောင်းမွန်လာနိုင်ပြီး အထူးသဖြင့် ဥရောပဈေးကွက်နှင့် ဂျပန်နိုင်ငံတို့ကိုတင်ပို့နိုင်သော အရည်အချင်းမြင့်ဆန်များမှ အရောင်းအ၀ယ်ကောင်းလာနိုင်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့်ကပြောသည်။

“ဆန်အပါအ၀င် လယ်ယာထွက်ကုန်တွေက အရင်လို ပိတ်လိုက်၊ ဖွင့်လိုက် မလုပ်တော့တဲ့အခါကျတော့ ဈေးကွက်ရနေပြီး ဒီနှစ်မှာ ငွေလဲနှုန်းကလည်းမဆိုးတဲ့အတွက် လာမယ့်နှစ်လည်း လယ်ယာထွက်ကုန်ကတော့ အခြေအနေကောင်းဦးမှာပဲ။ တရုတ်နိုင်ငံကလည်း စီးပွားရေးကောင်းနေတဲ့အတွက် ပုံမှန်ထက်တော့ မကျသွားနိုင်ဘူး”ဟု မူဆယ်၊ နန့်ခမ်း ကုန်သည်စက်မှုအသင်းမှ တစ်ဦးကပြောသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်တွင် အစည်းအဝေးကြီးလေးခုနှင့် ဆက်စပ်အစည်းအဝေးပေါင်းများစွာကို ပုဂံနှင့် နေပြည်တော်တို့တွင် ကျင်းပမည်ဖြစ်သည်။

ထိုအစည်းအဝေးများမှာ ဇန်န၀ါရီလတွင် ၃၆ ကြိမ်၊ ဖေဖေ၀ါရီလတွင် ၁၁ ကြိမ်၊ မတ်လတွင် အကြိမ် ၈၀၊ ဧပြီလတွင် အကြိမ် ၂၀၊ မေလတွင် ၁၃ ကြိမ်၊ ဇွန်လတွင် ၁၂ ကြိမ်၊ ဇူလိုင်လတွင် ၂၆ ကြိမ်၊ သြဂုတ်လတွင် ၂၇ ကြိမ်၊ စက်တင်ဘာလတွင် ၁၁ ကြိမ်၊ အောက်တိုဘာလတွင် ၁၇ ကြိမ်နှင့် ဒီဇင်ဘာလတွင် ၂၅ ကြိမ်တို့တွင် ကျင်းပမည်ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံသို့ အဓိကငွေလွှဲပို့ပေးနေသော ရွှေ့ပြောင်းလုပ်သားများ၏ အခြေအနေမှာမူ ၂၀၁၄ ခုနှစ်တွင် အလားအလာသိပ်မကောင်းပေ။ မြန်မာနိုင်ငံသား သုံးသန်းကျော် အလုပ်လုပ်ကိုင်နေသာ ထိုင်းနိုင်ငံရေးမငြိမ်မသက်မှုများကြောင့် ထိုင်းစီးပွားရေးလုပ်ငန်းမှာ ကျဆင်းလျက်ရှိပြီး အလုပ်သမားများမှာလည်း အချိန်ပိုမဆင်းရခြင်းအပါအ၀င် လုပ်ခလစာများလည်း လျော့နည်းလာနေပြီ။

“တကယ်လို့ ယင်လပ်အစိုးရသာပြုတ်ပြီး အခြားအဖွဲ့တက်လာမယ်ဆိုရင် မြန်မာလုပ်သားတွေအတွက် အခြေအနေပိုဆိုးသွားနိုင်တယ်”ဟု အလုပ်သမားအရေး ဆောင်ရွက်နေသော အင်န်ဂျီအိုမှတာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

မလေးရှားနိုင်ငံတွင်လည်း မြန်မာရွှေ့ပြောင်းလုပ်သားများ မကြာခဏတိုက်ခိုက်ခံနေရသဖြင့် မြန်မာနိုင်ငံသားများမှာ ပြည်တော်ပြန်သူများ တစ်နေ့တခြား များပြားလျက်ရှိသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ် စီးပွားရေးအခြေအနေမှာ ထင်သလောက်မတိုးတက်လာနိုင်ဟု ပညာရှင်များနှင့် လုပ်ငန်းရှင်များက ခန့်မှန်းထားကြသည်။ သမ္မတဦးသိန်းစိန်အနေဖြင့် လက်ကျန် လ ၃၀ တွင် စီးပွားရေးတိုးတက်အောင် အဓိကဆောင်ရွက်မည်ဟု ၂၀၁၃ နှစ်လယ်ပိုင်းမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)တို့မှာ စီးပွားရေးလုပ်ငန်းအတွက် လိုအပ်လျက်ရှိသော လျှပ်စစ်မီးအပါအ၀င် အခြေခံအဆောက်အအုံ တည်ဆောက်ရေးတို့၌ ကူညီမှုများပေးလျက်ရှိသည်။

နေထိုင်စားသောက်စရိတ် မြင့်တက်လာမှုကြောင့် လက်ရှိတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၇ ရာခိုင်နှုန်းထိ တက်လာသဖြင့် ထိုအခြေအနေကိုသတိထားရန် ကမ္ဘာ့ဘဏ်က မကြာသေးမီက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် လုပ်ရမည့်လုပ်ငန်းများ များပြားသလောက် စွမ်းဆောင်မှု၊ စွမ်းရေးပိုင်းက လိုက်မမီသေးပါ။ ထို့အတွက် ပြင်းထန်သောသက်ရောက်မှုများ ရှိနိုင်ပါသည်။ ငွေကြေးဖောင်းပွမှုများ ပြန်လည်မြင့်တက်လာခြင်း နိုင်ငံခြားငွေလဲနှုန်း မတည်ငြိမ်ခြင်းအပြင် အခြားငွေရေးကြေးရေးဆိုင်ရာ မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ကမ္ဘာ့ဘဏ်၏ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် ကြားဖြတ်မဟာဗျူဟာမှတ်စုစာတမ်းတွင် သတိပေးထားသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7 Day News Journal