အခွန်ယဉ်ကျေးမှု ထွန်းကားရှင်သန်ရေး ပြည်သူများပါဝင်

ပို့စ်တင်ချိန် - 1/02/2014 03:15:00 PM


အယ်ဒီတာ့အာဘော်
(၂-၁-၂၀၁၄)

ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံသည် ကုလသမဂ္ဂ ၏ ၂ဝ၁၄ - ၂ဝ၁၅ ခုနှစ် အတွက် ဘဏ္ဍာရေး အသုံးစရိတ် အမေရိကန် ဒေါ်လာ ၅ ဒသမ ၅၃ ဘီလီယံ ကို ဒီဇင်ဘာ ၂၇ ရက်က အတည်ပြု ပေးလိုက်ပြီ ဖြစ်သည်။ ဤသို့ အတည်ပြု နိုင်ရန် လွန်ခဲ့သော နှစ်နှစ်က အသုံးစရိတ် ထက် ၁ ရာခိုင်နှုန်း လျှော့ချ လိုက်ခြင်း ဖြစ်သော်လည်း ကုလသမဂ္ဂ ပင်မ ဘဏ္ဍာငွေမှ နှစ်စဉ် သုံးစွဲနေရသော ငြိမ်းချမ်းမှု ထိန်းသိမ်းရေး အတွက် ကုန်ကျသည့် အမေရိကန် ဒေါ်လာ ၇ ဘီလီယံကို လျှော့ချခြင်း မရှိကြောင်း သိရသည်။

ကုလသမဂ္ဂ ဘဏ္ဍာငွေ အတွက် နှစ်နှစ်တစ်ကြိမ် ပြုလုပ်သော ညှိနှိုင်း အစည်းအဝေး တွင် အဖွဲ့ဝင် နိုင်ငံများမှ ဆင်းရဲသော နိုင်ငံများက ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အထောက်အပံ့ ပိုမို ရလိုကြသည်။ ဖွံ့ဖြိုးပြီး နိုင်ငံများမှ ကုလသမဂ္ဂ ဘဏ္ဍာငွေ အများဆုံး ထည့်ဝင် ကြသော နိုင်ငံများက ၄င်းတို့ နိုင်ငံများ မှာပင် အသုံးစရိတ် များ လျှော့ချရန် ရုန်းကန် နေကြရသည် ဟု ဆိုသည်။ ဤကိစ္စ များကြောင့် ဘဏ္ဍာရေး ညှိနှိုင်း အစည်းအဝေး တိုင်းတွင် ဆင်းရဲသော နိုင်ငံများ နှင့် ချမ်းသာသော နိုင်ငံများ အကြား အကြိတ်အနယ် ညှိနှိုင်း ဆွေးနွေး ကြရသည်။

ဖွံ့ဖြိုးဆဲ ၇၇ နိုင်ငံ ကိုယ်စား  အစည်းအဝေး တက်ရောက် လာသော ဖီဂျီနိုင်ငံမှ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး က ဘဏ္ဍာရေး အသုံးစရိတ် လျှော့ချခြင်း သည် ကုလသမဂ္ဂ အဖွဲ့ကြီး၏ ဖွံ့ဖြိုးရေး မဏ္ဍိုင် များကို ယိမ်းယိုင် စေမည် ဖြစ်ကြောင်း ပြောကြားသည်။ အမေရိကန် ပြည်ထောင်စု မှ ဒုတိယ သံအမတ်ကြီး က ၂ဝ၁၄ - ၂ဝ၁၅ ခုနှစ် အတွက် ကုလသမဂ္ဂ ဘဏ္ဍာငွေ ခွဲဝေမှုသည် စည်းမျဉ်း စည်းကမ်း နှင့် ကိုက်ညီ သော်ငြား ကမ္ဘာကြီး တည်ငြိမ် အေးချမ်း ဖွံ့ဖြိုးရေး အတွက် အားကြိုး မာန်တက် ဆောင်ရွက် နေကြသူများ အတွက် လုပ်ငန်း လုပ်ကိုင်ရန် အခက်အခဲ ရှိနိုင်သည်ဟု ဆိုသည်။ အမေရိကန် ပြည်ထောင်စု အတွင်းမှ ကုလသမဂ္ဂ အား ဝေဖန်သူ တို့ကမူ ဘဏ္ဍာရေး အသုံးစရိတ် လျှော့ချခြင်း သည် စိတ်သောက ရောက်စေ နိုင်ပြီး တစ်ခါတစ်ရံ လာဘ်ပေး လာဘ်ယူမှု ဖြစ်စေနိုင်ပြီး အခွန်ထမ်း တို့၏ ငွေများကို အချည်းနှီး ဖြစ်စေ ပါသည်ဟု ဝေဖန် ကြသည်။

ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးသည် အဖွဲ့ဝင် နိုင်ငံများက ထည့်ဝင်သော ဘဏ္ဍာငွေဖြင့် ကမ္ဘာ့ နိုင်ငံများ ငြိမ်းချမ်း သာယာ ဝပြောရေး ကို ဆောင်ရွက် နေရသည်။ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့်လည်း မိမိတို့ နိုင်ငံ အတွင်းမှ ကောက်ခံ ရရှိသော အရပ်ရပ် အခွန်ဘဏ္ဍာ ငွေဖြင့် နိုင်ငံ တည်ငြိမ် အေးချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ကို ဆောင်ရွက် ကြရသည်။ စီမံကိန်းများ အတွက် ဘဏ္ဍာငွေ ခွဲဝေရေး သည် နိုင်ငံတော် ၏အခွန်ဘဏ္ဍာ ကောက်ခံ ရရှိမှုပေါ် မူတည်သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် တွင် အခွန်ထမ်း ဆောင်ထိုက်သည့် ဝင်ငွေရှိ သူတိုင်း အခွန်မှန်မှန် ကန်ကန် ပေးဆောင် ကြရန် လိုအပ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး က ဒီဇင်ဘာ ၂၈ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတား မြို့နယ်ရှိ ကုမ္ပဏီများ ဆိုင်ရာ အခွန်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသော အခွန် ကောက်ခံမှု စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့နှင့် ပြည်တွင်း အခွန်များ ဦးစီးဌာနမှ တာဝန်ရှိ သူများ တွေ့ဆုံပွဲသို့ တက်ရောက်စဉ် ပြောကြား ခဲ့သည်။

သို့ဖြစ်၍ အခွန် ထမ်းဆောင် ထိုက်သော ဝင်ငွေရှိသည့်  တိုင်းရင်းသား ပြည်သူ တို့သည် အခွန်ထမ်း ဆောင်ကြသည့်  အခွန် ယဉ်ကျေးမှု ထွန်းကား ရှင်သန်ရေး ပါဝင် ဆောင်ရွက် ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။   ။
Myawady News