ပုဒ်မ ၁၈ အပါအ၀င် ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်သော ဥပဒေများအား ပြင်ဆင်၊ ဖျက်သိမ်းရန် ဆန္ဒထုတ်ဖော်

ပို့စ်တင်ချိန် - 1/06/2014 08:45:00 AM






ပုဒ်မ ၁၈ အပါအ၀င် ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်သော ဥပဒေများအား ပြင်ဆင်၊ ဖျက်သိမ်းရန် ဆန္ဒထုတ်ဖော်မှုကို ဇန်န၀ါရီ ၅ ရက်က ရန်ကုန်မြို့တော်ခန်းမ အနီးတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင်များ ဦးဆောင်၍ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲသို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းအား အင်အားသုံးဖြိုခွဲမှုတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် ဆရာတော် ဦးတိက္ခဥာဏ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဟံသာဝတီ ဦးဝင်းတင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးခိုင်မောင်ရည်နှင့် ဒေါ်ဖြူဖြူသင်းတို့ အပါအ၀င် လူမှုအဖွဲအစည်းများမှ ပုဂ္ဂိုလ်များ ပါဝင်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် အချက်သုံးချက်ပါ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ရာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဖော်ဆောင်မှုများ၊ နိုင်ငံသားတို့ မူလအခွင့်အရေးများနှင့် နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းအရ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်သည် နိုင်ငံသားများ အားလုံးအတွက် အာမခံချက်ရှိသော အခွင့်အရေး ဖြစ်သဖြင့် ဒီမိုကရေစီ နိုင်ငံတော်နှင့် မသင့်လျှော်ဘဲ ပြည်သူလူထုအပေါ် နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ်ချုပ်ချယ်မှုများအား မပြုလုပ်ရန် ပါဝင်သည်။

ထို့ပြင် ဒီမိုကရေစီ နိုင်ငံတော်နှင့် မသင့်လျှော်ဘဲ ပြည်သူလူထုအပေါ် နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ်ချုပ်ချယ်သော ဥပဒေများအား ပြင်ဆင်ရန်နှင့် မကိုက်ညီသည်များကို ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ပြီး တဖက်သတ် ဖိနှိပ်ချုပ်ချယ် ဖမ်းဆီးခံထားရသော နိုင်ငံရေး၊ လူမှုရေး၊ လူ့အခွင့်အရေး လှုပ်ရှားသူများအား ခြွင်းချက်မရှိ လွှတ်ပေးရန်၊ တရားစွဲဆိုဆဲ အမှုများအား ပလပ်ဖျက်သိမ်းပေးရန်နှင့် ထပ်မံဖမ်းဆီး အရေးယူမှုများ မပြုလုပ်ရန် တောင်းဆိုခဲ့သည်။

ဆန္ဒထုတ်ဖော်ပွဲတွင် “နိုင်ငံသားအခွင့်အရေး အပြည့်အ၀ပေး” “နိုင်ငံရေးအရ ဖိနှိပ်ဖမ်းဆီးမှု ချက်ချင်းရပ်” “Freedom” စသည့်တို့ကို ဆန္ဒထုတ်ဖော်သူများက ကြွေးကြော်ခဲ့ကြသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် အားလုံးနှင့် လူမှုအဖွဲ့အစည်းများ၏ ဆန္ဒထုတ်ဖော်ပွဲကို ဇန်န၀ါရီ ၃ ရက်က ကျောက်တံတားမြို့နယ် ရဲစခန်းက ခွင့်ပြုချက်ပေးခဲ့ခြင်းဖြစ်သည်။

ဆန္ဒဖော်ထုတ်မှု မြင်ကွင်းများ
eleven media group