မြန်မာနဲ့ ကော်ရပ်တစ်ဗ်

ပို့စ်တင်ချိန် - 1/30/2014 08:53:00 AM



ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တခြားနေရာတွေမှာသာ ကမ္ဘာ့အဆင့် မဝင်သေးရင် မဝင်သေးမယ်၊ ကော်ရပ်ရှင်းလို့ ပြောတဲ့ အဂတိ လိုက်စားမှုမှာတော့ စာရင်းဝင်ပါတယ်။(ကော်ရပ်ရှင်း ကင်းရှင်းမှု ဇယားမှာ အောက်ဆုံးနားကပါ)။ အဂတိ လိုက်စားမှုနဲ့ ပတ်သက်ရင်လည်း ရာဇဝင်နဲ့တောင် ချီရှိခဲ့တယ်လို့ မှတ်သား ရဖူးပါတယ်။ (နာမည်ကျော် ဦးပိန်တံတားလည်း ပါရဲ့ဆိုလား) အဂတိတရား လေးပါး ရှိရာမှာ လေးမျိုးစလုံးကို နည်းလမ်း အမျိုးမျိုးနဲ့ လိုက်စားကြတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အုပ်ချုပ်ရေးပိုင်းမှာ ရှိတဲ့သူတွေဟာ အဂတိတရားနဲ့ ကင်းရှင်းသူ (ခုခေတ်အထိ) ခပ်ရှားရှားလို့တောင် ပြောကြပါရဲ့။ အဲလို အုပ်ချုပ်ရေးပိုင်း တာဝန်ယူရတဲ့အခါ အဂတိကနေ လာဘ်လာဘတွေ ပေါများလေတော့ အုပ်ချုပ်ရေး အာဏာကို မက်မောပြီး အာဏာလုမှုတွေနဲ့ တိုင်းပြည်ပျက်ခဲ့ရတာ ခုထိတောင် မငြိမ်မသက် ဖြစ်နေဆဲပဲမို့လား။ အာဏာရပြီးသူများကလည်း လက်မလွှတ်ချင်၊ မရသေးသူများကလည်း အာဏာရဖို့ ကြိုးစားကြနဲ့ ...။

သက်ဦးဆံပိုင် ဘုရင်စနစ်ကနေစလို့ ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်ထိ တစ်သွေးတစ်သံ တစ်မိန့် အာဏာနဲ့ အုပ်ချုပ်ခဲ့လေတော့ ကိုယ့်လိုအပ်ချက်၊ ကိုယ့်လုပ်ပိုင်ခွင့် ရဖို့အတွက် အာဏာရှိသူတွေကို လာဘ်ထိုးရတာ အစဉ်အလာလို ဖြစ်ခဲ့တယ်။ လုပ်ပိုင်ခွင့်နဲ့ အာဏာရှိသူတွေကလည်း လာဘ်လာဘ လေး မြိုးမြိုးမြက်မြက်ရတော့ ဥပဒေဆိုတာ ဘေးချိတ် လူကိုချစ်ရင် မူကိုပစ်ပယ်၊ လူကိုခင်ရင် မူကိုပြင်၊ လူကိုမုန်းတော့ မူကိုသုံး ဆိုတာတွေ၊ ငွေများ တရားနိုင် ဆိုတာတွေ ကြားသိနေရတာ ဒီနေ့ထက်ထိပါပဲ။ ခုချိန်ထိ သုံးနေကြတဲ့ ဒေသဆိုင်ရာ အာဏာပိုင်ဆိုတာ ခရိုင်/မြို့နယ် အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ဟာ ဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ အုပ်ချုပ်မှု ကိစ္စရပ်တွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ပေးရမယ့် တာဝန်ရှိသူများသာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဟိန်းလိုက် ဟောက်လိုက် ဖိနှိပ်လိုက်နဲ့ အာဏာရှင်ကြီးတွေ ကျနေတာပါပဲ။ တိုင်းပြည်ရဲ့ သယံဇာတတွေနဲ့ အခွန်အရပ်ရပ်ကရတဲ့ တိုင်းပြည်ရဲ့ ဝင်ငွေကနေ လစာရိက္ခာ ယူထားကြသူတွေဖြစ်လို့ ပြည်သူ ပြည်သားတွေရဲ့အကျိုးကို ဆောင်ရွက်ပေးဖို့ ခံယူပြီး ကော်ရပ်ရှင်းဆိုတဲ့ အဂတိ လိုက်စားမှုတွေ ရပ်ဖို့ အချိန်တန်ပါပြီ။

လာဘ်ပေး လာဘ်ယူမှု ဆိုတာတွေကလည်း ဟိုးထိပ်ပိုင်းကနေပြီး အောက်ခြေအဆင့် ဝန်ထမ်းတွေအထိ အကျင့်ပါနေပါပြီ။ ရာထူးအဆင့်အလိုက် ဂုဏ်သိက္ခာရှိတဲ့ လူမှုအဆင့်အတန်း၊ လက်ရှိဖြစ်ပေါ်နေတဲ့ စားဝတ်နေရေးနဲ့ ကိုက်ညီမယ့် လစာနှုန်းထား၊ မှန်ကန်တဲ့ စွမ်းဆောင်ရည်အလိုက် အကဲဖြတ် ချီးမြှင့်မှုတွေ၊ အဂတိ လိုက်စားမှု အလွဲသုံးစားမှု လာဘ်ပေးလာဘ်ယူမှု တွေကို ပြတ်ပြတ်သားသား အရေးယူမှုတွေ မရှိသေးသရွေ့ လာဘ်ပေး လာဘ်ယူမှုတွေ ဆိုတာလည်း ဘယ်တော့မှ ပျောက်မှာ မဟုတ်ပါဘူး။ တစ်ခါက တက္ကစီငှားစီးတော့ တက္ကစီသမား ပြောတာတစ်ခု မှတ်သား ရဖူးတယ်။ မီးပွိုင့်က ယာဉ်ထိန်းရဲကို ပိုက်ဆံ ၅၀၀ လောက်ပေးရင် ပါးတောင်ရိုက်လို့ ရတယ်လို့ လိုင်းကား စပယ်ယာတွေက ပြောတယ်လို့ သူက ပြောပြပါတယ်။ အော် သူ့တန်ဖိုးကို ၅၀၀ နဲ့ဖြတ်တာပဲလို့ စိတ်ထဲမှာ တွေးမိပါတယ်။ လူတိုင်းတော့ မဟုတ်လောက်ပါဘူးဗျာလို့ ကျွန်တော်က စောဒက တက်မိတော့ ဆရာရယ် မှန်ကန်တဲ့ ယာဉ်ထိန်းရဲက ရန်ကုန်မြို့မှာ လက်ချိုးရေလို့ ဆယ်ချောင်း မပြည့်ပါဘူးဗျာတဲ့။

အောဒစ်

အောဒစ်လို့ခေါ်တဲ့ စာရင်းစစ်ဆေးရေး အဖွဲ့ဟာ သက်ဆိုင်ရာဌာန အလိုက် ငွေစာရင်းများကို လုပ်ထုံးလုပ်နည်းနဲ့ အညီ မှန်ကန်စွာ သုံးစွဲမှုရှိ/ မရှိ၊ လုပ်ငန်း ဆောင်ရွက်မှုများ လုပ်ထုံးလုပ်နည်းနဲ့ အညီ စနစ်တကျ ဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေးပေးရမယ့် တာဝန်ရှိသူများ ဖြစ်ပါတယ်။ သို့မှသာ မမှန်မကန် သုံးစွဲခြင်း၊ နိုင်ငံတော်ရဲ့ရပိုင်ခွင့်များကို ထိမ်ချန်မှု မရှိဘဲ အပ်နှံခြင်း၊ လုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်း၊ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ခြင်းတို့ကို ထိန်းကျောင်း တည့်မတ် ပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို တည့်မတ်ပေးနိုင်ရင် အဂတိ လိုက်စားမှုတွေ၊ အလွဲသုံးစား ပြုမှုတွေ၊ လုပ်ထုံး လုပ်နည်းနဲ့ မညီညွတ်မှုတွေကို ထိန်းသိမ်း ပေးနိုင်ပြီး တိုင်းပြည်ရဲ့ ဝင်ငွေ ထွက်ငွေကို အလေအလွင့် မရှိအောင် အကျိုးရှိရှိ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။

ယနေ့ခေတ် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မည်ဟု ကြေညာထားတဲ့ အရပ်သားအစိုးရ လက်ထက်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ သမ္မတနဲ့ လွှတ်တော်တို့ အတန်ငယ် အငြင်းပွားခဲ့ပေမယ့် ဥပဒေတော့ ပြဋ္ဌာန်း ပြီးပါပြီ။ နည်းဥပဒေတော့ ထွက် မထွက်မသိပါ။ အဂတိလိုက် စားမှု တိုက်ဖျက်ရေးမှာ စာရင်းစစ်တွေရဲ့အခန်းကဏ္ဍဟာ အလွန်အရေးပါ ပါတယ်။ ၂၀၁၂ လောက်က ဟိုးလေးတကျော် ဖြစ်ခဲ့တဲ့ The Voice Weekly နဲ့ သတ္တုတွင်း ဝန်ကြီးဌာနရဲ့ ပြဿနာမှာ စာရင်းစစ် အစီရင်ခံစာပါ သတ္တုတွင်း ဝန်ကြီးဌာနရဲ့ အလွဲသုံးစားမှုနဲ့ ပတ်သက်တဲ့ ကိစ္စကြောင့်ပါ။ အကျိုးဆက်ကတော့ မူလ စာရင်းစစ်ချုပ် ရာထူးမှ နုတ်ထွက်ခဲ့ရပြီး အဲဒီတုန်းက သတ္တုတွင်းဝန်ကြီးက စာရင်းစစ်ချုပ် ဖြစ်သွားခဲ့လို့ သမ္မတရဲ့အရေးယူမှုတောင် အံ့သြခဲ့ရပါတယ်။

တစ်ခါကလည်း အင်တာနက် စာမျက်နှာမှာ ပါခဲ့တဲ့ ရဲရွာ ရေအားလျှပ်စစ်မှာ တရုတ်ကုမ္ပဏီ၊ ပြည်တွင်းကုမ္ပဏီနဲ့ ရေအားလျှပ်စစ် ဦးစီးဌာနတို့က လုပ်ငန်းတူကို ငွေသုံးခါ ထုတ်ခဲ့တဲ့အကြောင်း၊ ယင်းကိစ္စကို မန္တလေးတိုင်းဒေသကြီး စာရင်းစစ်အဖွဲ့က စစ်ဆေးပေမယ့် မပေါ်ခဲ့ကြောင်း၊ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေ နစ်နာတဲ့အတွက် ပြန်လည် စစ်ဆေးပေးနိုင်ဖို့ စာရင်းစစ်မှူး အငြိမ်းစား တစ်ဦးက နိုင်ငံအကြီးအကဲ တာဝန်ရှိသူတွေကို လိပ်မူတပ်ပြီး တင်ပြထားတာကို ဖတ်ရပါတယ်။ ဘာမှတော့ ဖြစ်လာသံ မကြားရပါဘူး။ လူကိုချစ်လို့ မူကို ပစ်လေသလား၊ လူကိုခင်လို့ မူကို ပြင်လေသလားတော့ မပြောတတ်ပါဘူး။

ဌာနဆိုင်ရာတွေကြားမှာ စာရင်းစစ်တွေကို စားရင်းစစ်လို့ အမည်ပြောင် ခေါ်နေကြတာ လူတိုင်း သိပါတယ်။ ခေါ်လောက်အောင်လည်း စားတာကို ကြားရပါတယ်။ တစ်လောက ကျွန်တော့်မိတ်ဆွေ ပါမောက္ခချုပ်ရဲ့ တက္ကသိုလ်မှာ စာရင်းစစ် တွေ့ရှိချက်အရ ဆောက်လုပ်ရေးလုပ်ငန်းက သိန်း ၃၀၀ လောက် ကွာနေတယ်တဲ့။ သို့သော် ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အနေနဲ့ စာရင်းစစ်ရဲ့အထာကို နောကျေအောင် သိထားပြီးသူမို့ ညှိနှိုင်းလိုက်တော့ ၂၅ သိန်းပဲ ပြန်သွင်း ရပါတော့တယ်။ တရုတ်သိုင်း ဝတ္ထု စာအုပ်ထဲကလို မည်သို့ လုပ်လိုက်သည်မသိ ရန်သူများ ကျဆုံးကုန်၏ ဆိုသလို စာရင်းစစ်တွေ ကို မည်သို့ လုပ်လိုက်သည်မသိ သိန်း ၃၀၀ မှ ၂၅ သိန်းသို့ လျော့ကျသွားတယ်တဲ့။ နောက်တစ်ခုက သူငယ်ချင်း ကျောင်းအုပ်ကြီးကလည်း သူ့ကျောင်း အဝင်လမ်း သိန်း ၄၀၀၀ ကျော် ပရောဂျက်မှာ လမ်းဘေး ပလက်ဖောင်းနဲ့ လမ်းလယ်ကျွန်းက လွဲပြီး ဂ၀ံလမ်းပဲ ခင်းထားတာ စာရင်းစစ်က ဘာမှမပြောဘဲ ကျောင်းတွင်း ပြုပြင်ထိန်းသိမ်းရေးမှာတော့ လုပ်သားနှစ်ဦးပိုနေလို့ လုပ်အားခ ငွေ ၈၀၀၀ ပြန်သွင်းခိုင်းပြီး စာရင်းစစ် အစီရင်ခံစာမှာ ဖော်ပြလို့ ၎င်းဆရာကြီးခမျာ ထုချေလွှာ တင်ရပါသတဲ့။ ဒါမျိုး ဖြစ်သင့်တယ်လို့ စာဖတ်သူ ယူဆပါသလား။

စာရင်းစစ်အနေနဲ့ ငွေကြေး သုံးစွဲမှုအပိုင်း၊ လုပ်ငန်း ဆောင်ရွက်မှု အပိုင်းတွေကို လုပ်ထုံးလုပ်နည်းနဲ့ အညီ တည့်မတ်ပေးနိုင်မှ တိုင်းပြည်ရဲ့ အကျိုးကို သယ်ပိုးရာ ရောက်ပါတယ်။ ခုလို မမှန်မကန် ဆောင်ရွက်နေပါက အဂတိ လိုက်စားမှု၊ အလွဲသုံးစားမှုတွေကို အားပေးအားမြှောက် ပြုရာရောက် ပါတယ်။ ငွေစာရင်းနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာရေး စည်းမျဉ်းတွေက ဒီလိုရှိတယ်၊ လုပ်ငန်းဆောင်ရွက်မှု အပိုင်းအနေနဲ့ လုပ်ထုံးလုပ်နည်းတွေက ဒီလိုရှိတယ်၊ ဒီလို လုပ်ရမယ်ဆိုတာ ဌာနအားလုံးကို ဖြန့်ဝေထား (နိုင်ငံတကာ Standard တွေနဲ့ အညီပေါ့) ။ အဲဒီအတိုင်း မလုပ်ရင် အရေးယူဖို့ တင်ပြရမယ်။

ဒီလုပ်ထုံးလုပ်နည်း ဆိုတာတွေကလည်း တစ်ပြေးညီ တစ်သမတ်တည်း ဖြစ်နေဖို့ လိုပါတယ်။ ဒီနှစ်တစ်မျိုး နောက်နှစ်တစ်မျိုး ဖြစ်လို့ မရပါဘူး။ တချို့ ကျွန်တော့်မိတ်ဆွေ ဌာနဆိုင်ရာ အကြီးအကဲတွေမှာ ဒီနှစ်လာတဲ့ စာရင်းစစ် အဖွဲ့က ဒီလိုလုပ်ရမယ်လို့ ပြောပြီး အစီရင်ခံစာမှာ ဖော်ပြခဲ့ပေမယ့် နောက်နှစ် နောက်အဖွဲ့ကျတော့ မဟုတ်ပြန်ဘူး၊ သူပြောသလို မလုပ်တဲ့အတွက် အစီရင်ခံစာမှာ ထည့်ပြန်ရော၊ ဒါမျိုးတွေလည်း မဖြစ်သင့်ပါဘူး။ တစ်သမတ်တည်းလုပ်၊ လုပ်ထုံးလုပ်နည်း အတိုင်း လုပ်လို့ အလွဲသုံးစားမှု မရှိရင်လည်း ချီးကျူးတဲ့ အစီရင်ခံစာဖြစ်လို့ မရဘူးလား။ ခုတော့ အားလုံး ကိုက်ညီနေရင် ပေါင်းစားတယ်လို့ ထင်မှာစိုးလို့ အပြစ်မရှိ အပြစ်ရှာ ရတယ်ဆိုတဲ့ အကြောင်းပြချက်ကတော့ မဖြစ်သင့်ဘူး ထင်ပါတယ်။

အော်ဒစ်သည် ကော်ရပ်ရှင်းဆိုတဲ့ လူ့အဖွဲ့အစည်းကို ဆိုးကျိုး ပေးစေနိုင်သော တိုင်းပြည်ရဲ့တိုးတက်မှုကို အဟန့်အတား ဖြစ်စေသော အကျင့်ဆိုးကို ထိန်းသိမ်း တည့်မတ်ပေးရမယ့် တာဝန်ပါ။ သူကိုယ်တိုင်က ကော်ရပ်ရှင်း ဖြစ်နေရင်တော့ ငှက်ပျောခြံကို မျောက်တွေ အစောင့်ခိုင်းတာနဲ့ အတူတူပဲ ဖြစ်ပါလိမ့်မယ်။ ထို့အတူ အုပ်ချုပ်ရေးပိုင်းမှ လည်းကောင်း၊ မည်သည့် အဖွဲ့အစည်းမှလည်းကောင်း လွှမ်းမိုးမှု မရှိတဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်ဖို့ လိုပါတယ်။ ဒါ့အပြင် ဆောက်လုပ်ရေးပိုင်းတွေ၊ စက်ပစ္စည်းတွေနဲ့ ပတ်သက်လို့ နည်းပညာပိုင်းအားဖြင့် ကျွမ်းကျင် ပညာရှင်တွေလည်း ပါဝင်ဖို့ လိုပါမယ်။ ပြီးခဲ့တဲ့ အဋ္ဌမအကြိမ် လွှတ်တော် အစည်းအဝေးမှာ စာရင်းစစ်နဲ့ ပတ်သက်လို့ ဝန်းရံနိုင်ဖို့ ဆွေးနွေးတာလည်း ကြားသိလိုက်ရပါတယ်။

အကြံပြုချက်

အဂတိ လိုက်စားမှုအဆင့်မှာ အောက်ဆုံး ရောက်ပြီး ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ရရုံသာမက တိုင်းပြည်ရဲ့ ဖွံ့ဖြိုး တိုးတက်မှုကိုပါ ခြိမ်းခြောက်နေတဲ့ ဒီကော်ရပ်ရှင်းကို တိုက်ဖျက်နိုင်ဖို့ အော်ဒစ်တွေရဲ့ အခန်းကဏ္ဍက အရေးပါလှပါတယ်။ ထို့ကြောင့် အောက်ပါအချက်များကို အကြံပြုလိုပါတယ်။

- စာရင်းစစ်ချုပ်ရုံးသည် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မည်သည့် အဖွဲ့အစည်း၏ လွှမ်းမိုးမှုအောက်တွင်မှ မရှိသော သီးခြား လွတ်လပ်သော အဖွဲ့အစည်းများ ဖြစ်ရပါမည်။ - စာရင်းစစ် ဝန်ထမ်းများသည် အဂတိ လိုက်စားမှုနှင့် မည်သည့် အကြောင်းနှင့်မျှ ဆက်နွှယ်မှု မရှိစေရန် ဝန်ထမ်းများ၏ ဘဝအာမခံချက် ရှိရပါမည်။ - နည်းပညာ ကျွမ်းကျင် ပညာရှင်များဖြင့် Technical Team များ ရှိရပါမည်။ - စစ်ဆေး တွေ့ရှိချက်များကို ပွင့်လင်းမြင်သာမှုအတွက် အများပြည်သူ သိရှိအောင် ထုတ်ပြန် ပေးရပါမည်။ - အလားတူ မိမိတို့၏ စစ်ဆေးချက်များနှင့် ပတ်သက်၍ မှန်ကန်ကြောင်း တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရပါမည်။ - စာရင်းစစ်ဆေးရေး အဖွဲ့၏ စစ်ဆေးချက်များ မှန်ကန်မှု ရှိ/မရှိ ကျွမ်းကျင် ပညာရှင်များ၊ သမာသမတ် ရှိသူများ ပါဝင်သည့် Check & Balance အဖွဲ့လည်း ထားရှိသင့်ပါသည်။

နိဂုံးချုပ်အနေနဲ့ ဆားပုလင်းနှင်းမောင်က လူဆိုးတွေကို နှလုံးရည် လက်ရုံးရည်ချင်း ယှဉ်ပြိုင်ပြီး အနိုင်ယူ ဖမ်းဆီးနိုင်ခဲ့သလို အောဒစ်များကလည်း မှန်ကန် တိကျမှု၊ ဘက်လိုက်မှု မရှိ မိမိတို့ရဲ့ ကိုယ်ကျင့်သိက္ခာကို အသက်နဲ့ ထပ်တူ စောင့်ထိန်းလို့ တိုင်းပြည်ရဲ့အကျိုးကိုသာကြည့်ပြီး ဆောင် ရွက်ခဲ့ရင် သန့်ရှင်းသော တိုင်းပြည်အဖြစ်နဲ့ ဖွံ့ဖြိုး တိုးတက်လာနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။

thevoicemyanmar