လယ်ယာသုံးပိုးသတ်ဆေး တောင်သူများအကာအကွယ်မဲ့ သုံးစွဲမှုများလာ

ပို့စ်တင်ချိန် - 1/28/2014 05:37:00 PM


ရန်ကုန်၊ ဇန်နဝါရီ ၂၇

တောင်သူများအနေဖြင့် လယ်ယာသုံးပိုးသတ်ဆေး များအား ပြသထားသည့် နည်းစနစ်နှင့်အညီ အသုံးပြုသူ နည်းပါးလာပြီး အကာအကွယ်မဲ့ အသုံးပြုမှုများပြားလာ ကြောင်း သိရသည်။

စိုက်ပျိုးမြေဒေသအလိုက် ပိုးသတ်ဆေး အမျိုးအစားများစွာ အသုံးပြုနေကြပြီး လက်ရှိတွင် အသုံးပြုနေသည့် ပိုးသတ်ဆေးများမှာ တိုက်ရိုက်သောက်သုံးခြင်း မဟုတ်ပါ က အချိန်ကြာမြင့်မှသာ အန္တရာယ်ဖြစ်စေသည့် အမျိုးအစားများ ဖြစ်ကြောင်း စိုက်ပျိုးရေးပညာရှင်များက သုံးသပ်သည်။

''တစက်နှစ်စက် အသားကို ထိမိတာ ချက်ခြင်းမသိသာပေမယ့် ကြာရင် ကင်ဆာဖြစ်ဖို့က အလားအလာများသွားပြီ'' ဟု စိုက်ပျိုးရေးတက္ကသိုလ်ပါမောက္ခချုပ် အငြိမ်းစား ဒေါက်တာမြင့်သောင်းက ပြောသည်။ သို့သော် တောင်သူများအနေဖြင့် ပိုးသတ်ဆေးများအား ပေါ့ပါးစွာ အသုံးပြုလာကြပြီး ဆေးညွှန်းပါ စည်းကမ်းချက်များ အတိုင်း တိကျစွာ လိုက်နာမှု မရှိကြတော့ပေ။

''သူတို့ပြောထားသလိုဆို အလုပ်ရှုပ်လို့ ဒီအတိုင်းပဲ ဖျန်းတာပါပဲ။ အေးဆေးပါ'' ဟု ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ပဲမခမ်းကျေးရွာ ပဲစိုက်တောင်သူဦးအောင်ငွေ က ပြောသည်။

ပိုးသတ်ဆေးဥပဒေမှာ ၁၉၉ဝ ခုနှစ်ကတည်းကပင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပြဋ္ဌာန်းထားခဲ့ပြီး ပိုးသတ်ဆေးအုပ်စုများ ဖြစ်သည့် အော်ဂဲနိုဖော့ စဖိတ်၊ အော်ဂဲနိုကလိုရိုဒ်၊ ပိုင်ရီသရိုဒ်၊ နီကိုတီနွိုက်၊ ကာဘာမိတ်နှင့် ပိုးသတ်ဆေးအုပ်စု ၆ ခုကို ပြည်တွင်း၌ တရားဝင်ခွင့်ပြုထားသည်။

ထို့ပြင် တရားမဝင် ပိုးသတ်ဆေး ၃၉ မျိုးအား ပိတ်ပင်ထားနိုင်ခဲ့ကာ ပိုးသတ်ဆေးတင်သွင်းမှုများအား င်္ဗဥ မှ စံချိန်စံညွှန်း စစ်ဆေးပြီးမှသာ ရောင်းချခွင့် မှတ်ပုံတင် ထုတ်ပေးလျက်ရှိသည်ဟု သိရသည်။

သို့သော်လည်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တရားမဝင် ပိုးသတ်ဆေးများ ဝင်ရောက်ဆဲဖြစ်ပြီး အချို့မှာ တင်သွင်းသည့် နိုင်ငံ၏ ဘာသာစကားများဖြင့် အညွှန်းရေးသားထားမှုများကြောင့် ဂရုတစိုက်အသုံးပြုရန် လိုအပ်လာပြီဖြစ်သည်ဟု ပြည်တွင်းမှ တရားဝင် မှတ်ပုံတင်ထားသည့် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး ရောင်းချသည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''ဆေးဘူးတစ်ဘူးအပေါ်က အညွှန်းက အသက်ပဲ'' ဟု ၎င်းက ဆက်ပြောသည်။

သုံးစွဲသူများအနေဖြင့် အဆိုပါအညွှန်းများအား သေချာလေ့လာ ဖတ်ရှုရန် လိုအပ်မည်ဖြစ်ပြီး တစ်စုံတစ်ရာ နားလည်မှု မရှိပါက မသုံးသင့်ကြောင်း ပိုးမွှားနှင့် ဓာတုဗေဒ ဆိုင်ရာ စိုက်ပျိုးရေးပညာရှင်တစ်ဦးက ဆိုသည်။

''အထိုက်အလျောက်လေး နားလယ်တယ်ဆိုရင်တောင် အင်မတန်အန္တရာယ် များတယ်'' ဟု ၎င်းပုဂ္ဂိုလ်က ပြောသည်။

ပြည်တွင်းမှ ကုမ္ပဏီများအနေဖြင့်လည်း ပိုးသတ်ဆေးရောင်းချမှုတွင် သိသာစေမည့် အညွှန်းများနှင့် အန္တရာယ်ရှိစေမည့် ပါဝင်ပစ္စည်းအချိုးအစားများ တိကျစွာ ထည့်သွင်းရန် လိုအပ်ပြီး တောင်သူပညာပေးများကိုပါ ပူးတွဲပြုလုပ်သင့်ကြောင်း စိုက်ပျိုးရေးပညာရှင်များက ပြောကြားသည်။

Popular Myanmar News Journal