ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် ဂျပန်ဧည့်ပါမောက္ခ နှစ်ရာကျော် လာရောက်ပို့ချမည်

ပို့စ်တင်ချိန် - 1/06/2014 04:40:00 PM


ရန်ကုန်၊ ဇန်နဝါရီ ၅

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး သူများထဲက ထူးချွန် ကျောင်းသားများအတွက် သီးသန့် ဖွင့်လှစ်ထားသော ရန်ကုန် နည်းပညာတက္ကသိုလ်တွင် လာမည့် ငါးနှစ်အတွင်း ဂျပန်နိုင်ငံမှ ဧည့်ပါမောက္ခ နှစ်ရာကျော် လာရောက် ပို့ချရန် သဘောတူညီမှု ရရှိထားကြောင်း ရန်ကုန်နှင့် မန္တလေး နည်းပညာ တက္ကသိုလ်များ အဆင့်မြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးညီလှငယ်က ပြောကြားသည်။

ဂျပန် ဧည့်ပါမောက္ခများကို ဘာသာရပ်အလိုက် စေလွှတ်ပေးရန် ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) က စီစဉ်ပေးခြင်း ဖြစ်ပြီး အင်ဂျင်နီယာ ဘာသာရပ် အားလုံးအတွက် ရည်ရွယ်ကြောင်း၊ တက္ကသိုလ်၏ လိုအပ်ချက်ပေါ် မူတည်ပြီး စေလွှတ်ပေးရန် သဘောတူညီထားကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“နိုင်ငံခြားက ဆရာတွေ စေလွှတ်တဲ့အခါ တကယ်ကျွမ်းကျင်တဲ့ ဆရာတွေ လွှတ်တာမျိုး ရှိတယ်။ ဆရာ ဖြစ်ခါစလေးတွေ လွှတ်တာမျိုးတွေလည်း ရှိတယ်။ အဲ့ဒီတော့ တကယ်ကျွမ်းကျင်တဲ့ ဆရာတွေ ဖြစ်နေဖို့တော့ လိုတာပေါ့” ဟု အင်ဂျင်နီယာ ကျောင်းသားဟောင်း တစ်ဦးက The Voice သို့ ပြောဆိုသည်။

သင်ကြားရေးအတွက် ရန်ကုန်နည်း ပညာတက္ကသိုလ်သည် တိုကျိုနည်းပညာ တက္ကသိုလ် အပါအဝင် ဂျပန်တက္ကသိုလ် ခြောက်ခုနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးထားပြီး အင်ဂျင်နီယာ ဘွဲ့ရကျောင်းသားများအတွက် အမေရိကန်၊ ဗြိတိန်နှင့် အီတလီနိုင်ငံ ကုမ္ပဏီများက ကမ်းလှမ်းမှုအချို့ ရှိကြောင်း အဆိုပါ တက္ကသိုလ် အသိုင်းအဝိုင်းထံမှ သိရသည်။

အနှစ်နှစ်ဆယ်နီးပါး ရပ်နားထားသော ရန်ကုန် နည်းပညာ တက္ကသိုလ်ကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ဘွဲ့ကြိုကျောင်းသား၊ ကျောင်းသူ အပါအဝင် ပါရဂူတန်းများအတွက် ပြည်ပ တက္ကသိုလ်များနှင့် ကျောင်းသား ဖလှယ်ရေး အစီအစဉ် များလည်း ဆောင်ရွက်လျက် ရှိသည်။

The Voice Weekly Myanmar