အီဂျစ်အစိုးရက အယ်ဂျာဇီးရား သတင်းသမား ၄ ဦးကို ဖမ်းဆီး

ပို့စ်တင်ချိန် - 1/01/2014 01:45:00 AM

အီဂျစ်အစိုးရဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့က ကာတာနိုင်ငံ ဒိုဟာမြို့အခြေစိုက် အယ်ဂျာဇီးရား (Al Jazeera) သတင်းဌာနရဲ့ ၀န်ထမ်း ၄ ဦးကို ကိုင်ရိုမြို့မှာ ဖမ်းဆီးခဲ့ပါတယ်။

Al Jazeera Journalistအယ်ဂျာဇီးရားသတင်းဌာနဟာ မွတ်စလင်ညီအစ်ကိုများ ပါတီဝင်တဦးနဲ့ ပူးပေါင်းပြီး ဟိုတယ်တခုကနေ တရား မ၀င် သတင်းလွှင့်ခဲ့တဲ့အတွက် ဖမ်းဆီးတာလို့ အီဂျစ်ပြန်ကြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

ရွေးကောက်ခံ သမ္မတ မိုဟာမက်မော်စီကို ရာထူးက ဖြုတ်ချခဲတဲ့ ဇူလိုင် ၃ ရက်နေ့ကလည်း ကိုင်ရိုမြို့မှာရှိတဲ့ အယ်ဂျာဇီးရားရုံးခွဲကိုလည်း အီဂျစ်လုံခြုံရေးတပ်ဖွဲ့တွေက ၀င်ရောက် စီးနင်းခဲ့ပါတယ်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက် သတင်းသမားကာကွယ်ရေးကော်မတီ (စီပီဂျေ) က အီဂျစ်နိုင်ငံကို ဆီးရီးယား၊ အီရတ်နိုင်ငံတို့နဲ့ ယှဉ်ပြီး သတင်းသမားတွေအတွက် အန္တရာယ်အရှိဆုံးနိုင်ငံအဖြစ် သတ်မှတ်ခဲ့ပါတယ်။

“အီဂျစ်ယာယီအစိုးရရဲ့ အခုလို ၀င်ရောက်ဖမ်းဆီးမှုတွေနဲ့ စီးနင်းမှုတွေဟာ အီဂျစ်အစိုးရတရပ်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေ မဟုတ်ဘူး။ အခုလို ၀န်ထမ်းတွေကို ဖမ်းဆီးတာကို စီပီဂျေအနေနဲ့ အပြင်းအထန် ကန့်ကွက်ရှုတ်ချပါတယ်” လို့ စီပီဂျေရဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်း ကိုယ်စားလှယ်က ပြောကြားခဲ့ပါတယ်။

မွတ်စလင်ညီအစ်ကိုတော်များပါတီကို ဒီဇင်ဘာ ၂၅ ရက်နေ့က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် အီဂျစ်အစိုးရက တရားဝင် သတ်မှတ်ခဲ့ပြီး ဖိနှိပ်မှုတွေကိုလည်း တိုးမြှင့် လုပ်ဆောင်နေပါတယ်။

အယ်ဂျာဇီးရားသတင်းဌာနကို မွတ်စလင်ညီအစ်ကိုတော်များပါတီအတွက် ဘက်လိုက်တဲ့ သတင်းတွေကို ထုတ်လွှင့်နေတဲ့ ရုပ်မြင်သံကြားဌာနအဖြစ် အီဂျစ်အစိုးရက စွပ်စွဲနေပါတယ်။

DVB Burmese