တယ်လီနော၏ ပြည်တွင်းမြှုပ်နှံမှု သုံးနှစ်အတွင်း အရင်းကျေမည်ဟု ခန့်မှန်း

ပို့စ်တင်ချိန် - 1/31/2014 03:32:00 PM


ရန်ကုန်၊ ဇန်နဝါရီ ၃၀

မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှု လိုင်စင် ရရှိပြီးနောက် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ရှစ်လအတွင်း စတင်နိုင်ရန် ပြင်ဆင်နေသော တယ်လီနော ကုမ္ပဏီက ဆက်သွယ်ရေး လိုင်စင်ရရှိပြီး သုံးနှစ်အတွင်း အရင်းကျေရန် ရည်မှန်းထားကြောင်း အဆိုပါ ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

“ဆက်သွယ်ရေး လိုင်စင်ရပြီး နောက်သုံးနှစ်လောက်မှာ အတိုး၊ အခွန်နဲ့ အခြားကုန်ကျစရိတ်တွေ အရင်းကျေနိုင်ဖို့ မျှော်မှန်းထားတယ်” ဟု ၎င်းကဆိုသည်။

လိုင်စင်ကြေးနှင့် လုပ်ငန်းစရိတ်များ ပါဝင်သော စုစုပေါင်း ကုန်ကျစရိတ်ကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့် ရှိမည်ဟု ခန့်မှန်းထားပြီး လိုင်စင်ကြေး သီးသန့် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ သိရှိရသည်။

အရည်အသွေးမြင့် ကုန်ပစ္စည်းများ အသုံးပြု၍ သုံးစွဲသူ စိတ်ကြိုက် ဝန်ဆောင်မှု ပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် ဈေးကွက် အခိုင်အမာ တည်ဆောက်သွားရန် ပြင်ဆင်ထားပြီး မြန်မာဈေးကွက်တွင် အောင်မြင်မှု ရရှိရန် ယုံကြည်သည်ဟုလည်း တယ်လီနော မြန်မာ၏ အမှုဆောင် အရာရှိချုပ် Petter Furberg က ဆိုသည်။

“သူတို့လည်း အားလုံးတွက်ချက် ပြီးတော့မှ ဝင်လာတာဆိုတော့ ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံ ပတ်ပတ်လည်က အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ပါကစ္စတန်၊ မလေးရှားနိုင်ငံတွေမှာ တယ်လီနော ရှိတယ်။ မြန်မာပြည်မှာ စပြီဆိုတာနဲ့ သူတို့ ကွန်ရက်က အာရှတောင်ပိုင်းဒေသ တစ်ခုလုံးကို လွှမ်းသွားမှာ။ အဲဒီတော့သုံးရ ပိုအဆင်ပြေမယ် ထင်တယ်။ သူတို့ ပိုပေါက်နိုင်တယ်” ဟု မြန်မာ့ဆက်သွယ်ရေးမှ အငြိမ်းစားအရာရှိ ဦးသန်းဦးက ဆိုသည်။

နော်ဝေအစိုးရက ၅၄ ရာခိုင်နှုန်း ပိုင်ဆိုင်သော တယ်လီနော ကုမ္ပဏီက လူတိုင်း မိုဘိုင်းလ်ဖုန်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို လွယ်ကူ အဆင်ပြေ သက်သာစွာ ကိုင်ဆောင်သုံးစွဲခွင့် ရရှိစေရမည်ဟု ကတိပေးခဲ့ပြီး SIM Card တန်ဖိုး အများဆုံး ၁၅၀၀ ကျပ်နှင့် ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် အများဆုံး ၂၅ ကျပ်နှုန်းဖြင့် ခေါ်ဆိုခွင့်ပြုမည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် ငါးနှစ်အတွင်း HSPA နှင့် 4G LTE စနစ်များ အသုံးပြုနိုင်မည်ဖြစ်ပြီး တယ်လီနော၏ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ၂၀၁၄ စက်တင်ဘာလခန့်တွင် စတင်သွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန်ထားသည်။

ပထမငါးနှစ်အတွင်း ကုမ္ပဏီမှ အရောင်းဌာန ၇၀,၀၀၀ နှင့် လက်ခွဲဆိုင် ပေါင်း ၉၅,၀၀၀ ဖွင့်လှစ်သွားမည် ဖြစ်ပြီး မိုဘိုင်းလ် ငွေပေးချေမှုများ၊ ကျန်းမာရေး ဝန်ဆောင်မှုများ၊ စိုက်ပျိုးရေး ကဏ္ဍများအတွက် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။

The Voice Weekly Myanmar