ရခိုင် ဒုချီးရာတန် ကျေးရွားကိစ္စ နိုင်ငံခြား သံတမန်တွေကို မြန်မာက ရှင်းပြမယ်

ပို့စ်တင်ချိန် - 1/28/2014 09:08:00 AM



ရခိုင်ပြည်နယ် ​ဒုချီးရာတန် ​ကျေးရွာမှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခအတွင်း ​မွတ်စလင် ​အနည်းဆုံး ​၄၈ ​ယောက် ​သေဆုံးခဲ့ရတယ်ဆိုတဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​သံတမန်တွေကို ​အင်္ဂါနေ့မှာ ​ရှင်းပြပြောဆိုမယ်လို့ ​မြန်မာအစိုးရက ​ပြောလိုက်ပါတယ်။

ပဋိပက္ခအတွင်း ​သေဆုံးမှု ​ရှိခဲ့တာနဲ့ ​ပတ်သက်ပြီး ​မြန်ဆန်ပြီး ​ပွင့်လင်းမြင်သာ ​ဘက်မလိုက်တဲ့ ​စုံစမ်းစစ်ဆေးမှုတွေ ​လုပ်ဖို့ ​ကုလသမဂ္ဂနဲ့ ​လူ့အခွင့်အရေး ​အဖွဲ့အစည်းတွေအပြင် ​အမေရိကန် ​သံရုံးကပါ ​ဖိအားပေး ​တောင်းဆိုမှုတွေ ​ပြုလုပ်ပြီးနောက်ပိုင်း ​ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​မြန်မာအစိုးရရဲ့ ​တွေ့ရှိချက်တွေကို ​ရှင်းလင်း ​ပြောပြသွားမယ်လို့ ​ဒုဝန်ကြီး ​ဦးရဲထွဋ်က ​မနေ့က ​ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂအပါအဝင် ​အမေရိကန် ​သံရုံးနဲ့ ​တခြား ​လူ့အခွင့်အရေး ​အဖွဲ့တွေရဲ့ ​အဆိုအရ ​ရခိုင်ပြည်နယ် ​ဒုချီးရာတန် ​ကျေးရွာ ​ပဋိပက္ခအတွင်း ​မြန်မာလုံခြုံရေးတပ်နဲ့ ​ရခိုင်လူမျိုးတွေရဲ့ ​လက်ချက်ကြောင့် ​မွတ်စလင်အယောက် ​၄၀ ​ကျော် ​အသတ်ခံရတယ်ဆိုတာကို ​ယုံကြည်ရလောက်တဲ့ ​သက်သေတွေ ​ရရှိထားတယ်လို့ ​ဆိုပါတယ်။

Medicins ​Sans ​Frontieres ​လို့ခေါ်တဲ့ ​နယ်ခြားမဲ့ ​ကျန်းမာရေး ​အဖွဲ့ကလည်း ​အဲဒီ ​ပဋိပက္ခအတွင်း ​ဒဏ်ရာရရှိခဲ့သူ ​လူပေါင်း ​၂၂ ​ယောက်ကို ​ဆေးကုသမှု ​ပေးခဲ့တယ်လို့ ​ပြောပါတယ်။

မြန်မာအစိုးရကတော့ ​ပဋိပက္ခဖြစ်ခဲ့တာ ​မှန်ကန်ပေမယ့် ​သေဆုံးမှုတွေမရှိတဲ့အကြောင်း ​အဲဒီ ​ပဋိပက္ခဖြစ်ပေါ်ပြီးနောက် ​မြန်မာရဲတစ်ဦးသာ ​ပျောက်ဆုံးနေကြောင်း ​ပြောပါတယ်။

ရဲတစ်ဦး ​ပျောက်ဆုံးမှုနဲ့ ​ပတ်သက်ပြီး ​ရိုဟင်ဂျာ ​မွတ်စလင် ​အယောက် ​၈၀ ​ကို ​ဖမ်းဆီးစစ်ဆေးခဲ့ပေမယ့် ​နောက်ပိုင်းမှာ ​ပြန်လွတ်ပေးလိုက်တယ်လို့လည်း ​သိရပါတယ်။

ABC Radio Australia