ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက်မြင့်တက်

ပို့စ်တင်ချိန် - 1/31/2014 05:45:00 PM


မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက်မြင့်တက်နေကြောင်း ၂၀၁၄-၂၀၁၅ အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ အချက်အလက်များအရ သိရသည်။ စားသုံးသူဈေးဆနှုန်း (CPI) ကို အခြေခံသော ပျမ်းမျှ ငွေကြေးဖောင်းပွမှုသည် ၂၀၁၁ ခုနှစ်တွင် ၂ ဒသမ ၈၂ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်တွင် ၂ ဒသမ ၈၅ ရာခိုင်နှုန်းနှင့် ၂၀၁၃ ခုနှစ်တွင် ၅ ဒသမ ၆၇ ရာခိုင်နှုန်းအထိ ဖြစ်လာကြောင်း အဆိုပါဥပဒေကြမ်းတွင် ပါရှိသည်။ ယင်းဥပဒေကြမ်းကို လွှတ်တော်မှ အတည်ပြုပေးနိုင်ရန် အစိုးရအဖွဲ့၊ ဝန်ကြီးဌာနများက တင်ပြထားသောကြောင့် ၂၀၁၄ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်ရန် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီနှင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီတို့က အစီရင်ခံစာတွင် ထည့်သွင်းထုတ်ပြန် ထားပြီဖြစ်ကြောင်း ကော်မတီဝင်တို့က ပြောဆိုသည်။ ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်ရန် ဘဏ္ဍာရေးစနစ်၊ အခွန်စနစ်၊ ရသုံးမှန်းခြေငွေစာရင်း၊ ပြည်ပပို့ကုန်အခွန် ပြင်ဆင်ခြင်းနှင့် နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများကို စီးပွားရေးဆန်ဆန် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ဥပဒေကြမ်းကို လေ့လာသည့် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ စီမံကိန်းဥပဒေကြမ်းပါ အချက်များအရ ယခုနှစ်တွင် လူတစ်ဦးချင်းစီ၏ ပျမ်းမျှစီးပွားရေးအရ ဝင်ငွေကို ကျပ်ဆယ်သိန်းခွဲကျော်အထိ ရရှိလာရန် ရည်မှန်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဥပဒေကြမ်းအရ သိရသည်။ လာမည့်နှစ်အတွင်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိလာနိုင်သဖြင့် အန္တရာယ်ရှိသော အနေအထားတွင် ရှိနေကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ခန့်မှန်းချက်အရ သိရသည်ဟု ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။ "

khit lu nge