ရွှေအတုနှင့်လဲလှယ်ယူသွားသူများအား အရေးယူ

ပို့စ်တင်ချိန် - 1/22/2014 09:30:00 PM


နေပြည်တော်၊ ဇန်န၀ါရီလ ၂၂

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁၇ ရက်နေ့ နံနက် ၉ အချိန်တွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့၊ မြို့တောင်ရပ်ကွက်ရှိ ရွှေဆိုင်သို့ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးရောက်ရှိလာပြီး ရွှေဝယ်ချင်၍ လွင်မိုးကြိုး(ဘက်ကြိုး)အလေးချိန်(၅)ပဲ၊(၄)ရွေး၊ တန်ဘိုးငွေကျပ်(၂၆၀၀၀၀ိ/-)အား ပြသရန်ပြောသဖြင့် ဈေးရောင်းသူမအိအိအောင်မှ လွင်မိုးကြိုးအားထုတ်ပြခဲ့သည်။ ထိုသို့ ပြသနေစဉ် အခြားဆွဲကြိုးတစ်ကုံးကိုပါပြပေးရန်ပြောသဖြင့် ထပ်မံထုတ်ပြရာ ၎င်းတို့(၂)ဦးမှ နောက်ထုတ်ပြသော ဆွဲကြိုးအားယူမည်ဟုပြောဆိုသဖြင့် ဆိုင်အတွင်းသို့သွား၍ရွှေချိန်နေစဉ် အဆိုပါသူ (၂)ဦးမှာ ရွှေမ၀ယ်ဘဲထွက်သွားခဲ့ပြီးနောက် ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးဝင်းနိုင်က ရွှေဆိုင်သိမ်းချိန်တွင် ရွှေထည် ပစ္စည်းများစစ်ဆေးရာ လွင်မိုးကြိုးဆွဲကြိုးမှာအတုဖြစ်နေကြောင်းတွေ့ရှိရသည့်အပြင် ဆိုင်တွင်တပ်ဆင် ထားသော CCTV တွင်လည်း ၎င်းတို့(၂)ဦးမှ ရွှေဆွဲကြိုးအားလဲသွားကြောင်းတွေ့ရှိရသည်။ ထို့နောက် ဇန်န၀ါရီလ ၂၁ ရက်နေ့ နေ့လည် ၁ အချိန်တွင် ထိုသူ(၂)ဦးထပ်မံရောက်ရှိလာပြီး လက်စွပ် ၀ယ်လိုကြောင်းပြောစဉ် မအိအိအောင်မှမှတ်မိ၍ ဆိုင်ပိုင်ရှင်အားအသိပေးပြီး ရေနံချောင်းမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့သဖြင့် ရေနံချောင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ၎င်းတို့(၂)ဦးအားစစ်မေးရာ ရွှေလိမ်လည်သူ(၂)ဦးမှာ ရေနံချောင်းမြို့၊ ညောင်လှတောကျောင်းရပ်နေသူများဖြစ်သည့် သူဇာထွေး(ခ) ဂျူးဂျူး(၂၃)နှစ် နှင့်ခိုင်ထူးနောင်(ခ)နောင်နောင်(၃၂)နှစ်တို့ဖြစ်ကြောင်းသိရှိရသဖြင့် ရေနံချောင်းမြို့မရဲစခန်း (ပ)၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်