ပန်းလှိုင်မြစ်ကမ်းမှ ကျူးကျော်များအား နှင်ထုတ်ခြင်း မပြုလုပ်ရန် သမ္မတထံ အသနားခံသွားမည်

ပို့စ်တင်ချိန် - 1/01/2014 01:33:00 PM


အင်္ဂါနေ့၊ ဒီဇင်ဘာ ၃၁ရက်၊ ၂၀၁၃ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။တွံတေးမြို့နယ် ပန်းလှိုင်မြစ်ကမ်းရှိ ကျူးကျော်များကို တရားစွဲနှင်ထုတ်ခြင်းမပြုလုပ်ရန် နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံတော်အကြီးအကဲများထံသို့ အသနားခံ တောင်းဆိုသွားမည်ဟု ကျူးကျော်များကို ဦးဆောင်ခဲ့သည့် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ လှိုင်သာယာမြို့နယ်တာဝန်ခံ ကိုကျော်ထက်နိုင်က ဒီဇင်ဘာ ၃၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

လှိုင်သာယာမြို့နယ် ညောင်ကျေးရွာ၊ ကနောင်မင်းသားကြီးလမ်း၊ အုတ်သဲကျောက် ရောင်းဝယ်ရေးနောက်ဘက်ရှိ ပန်းလှိုင် မြစ်ကောမြေနုမြေရိုင်းကျွန်းပေါ်တွင် ခေတ္တယာယီတဲထိုးဆောက်လုပ် နေထိုင်ကြသော ဆင်းရဲသားမိသားစုများကို နှင်ထုတ်မောင်းနှင်ခြင်းမပြုပါရန်နှင့် ကျူးခွန် (မြေခွန်)ဆောင်၍ ယာယီဆက်လက်နေထိုင်ခွင့်ပြုပါရန် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် အသနားခံတင်ပြထားခဲ့ကြသည်။

“အမြဲတမ်းနေထိုင်ခွင့် ရရင်လည်း နေသွားချင်ပါတယ်။ အဲလိုမှ မဟုတ်ရင်လည်း ယာယီနေထိုင်ခွင့်လေးတော့ လိုချင်တယ်။ တရားဝင် အခွန်ဆောင်ပြီးတော့ ယာယီနေထိုင်ခွင့်လေး ရချင်တယ်” ဟု ကိုကျော်ထက်နိုင်က ပြောခဲ့သည်။

ကျူးကျော်တဲများမှာ လတ်တလောစာရင်းအရ ပျမ်းမျှ ၅၀၀၀ ကျော်ရှိပြီး ရှိတွံတေးမြို့နယ် ပန်းလှိုင်တံတား အနောက်ဘက်ခြမ်းနှင့် အရှေ့ဘက်ခြမ်း မြေနုကျွန်းများပေါ်သို့ ကျူးကျော်တဲများ တည်ဆောက်ထားသည်ကိုလည်း တွေ့ရှိရသည်။

“ကျွန်တော်တို့ ကျူးထားတာက အစိုးရပိုင် မြေနုကျွန်းပါ။ ဒါက မြစ်ကောလို့ သောင်ထွန်းလာတာ ၃ နှစ်လောက်ရှိပါပြီ၊ ဘယ်သူမှ မပိုင်ပါဘူး၊ တွံတေးလမ်းဘေး ဝဲယာတစ်လျှောက်က ကျူးတွေအတွက်တော့ ကျွန်တော်တို့အနေနဲ့ တာဝန်ယူမှု မရှိပါဘူး” ကိုကျော်ထက်နိုင်က ဆိုသည်။

သို့သော်လည်း ယင်းတို့ကျူးကျော်ထားသည့် ပန်းလှိုင်မြစ်မြေနုကျွန်းဟုဆိုသော်လည်း တွံတေးမြို့နယ် ပဒန်ရေကျော်ကျေးရွာနှင့် ခလောက်ချိုက်ကျေးရွာတို့မှ ဒေသခံများပိုင်ဆိုင်သော ဥယျာဉ်ခြံမြေများလည်း ပါဝင်နေသည်ဟု ဒေသခံမြေပိုင်ရှင်များက ဆိုသည်။

“ကျွန်တော်တို့ ဒီကိစ္စကို အမှုဖွင့်တာ အရေးမယူသေးလို့ သမ္မတထံကိုပါ ဖြေရှင်းဆောင်ရွက်ပေးဖို့ စာတင်ထားပါတယ်။ ကျွန်တော်တို့ပိုင်မြေ ၇၈ ဧကလောက်ပါနေပါတယ်။ ဒါက ပိုင်ဆိုင်မှုအထောက်အထားရှိပြီး နှစ်စဉ် အခွန်ပေးဆောင်နေရတဲ့ ဥယျာဉ်မြေပါ” ဟု ပဒန်ရေကျော်ကျေးရွာမှ မြေပိုင်ရှင်တစ်ဦးဖြစ်သူ ဦးသာဆိုင်က ဆိုသည်။

ယင်းအပြင် ပန်းလှိုင်တံတားအဆင်းမှ စ၍ တွံတေး လမ်းဝဲယာတစ်လျှောက်တွင်လည်း ဒေသခံနှင့်ပုဂ္ဂလိကပိုင်မြေများ၊ အစိုးရပိုင်မြေများကိုလည်း ကျူးကျော်ဆောက်လုပ်ထားမှုများ ရှိနေပြီး အဆိုပါ ကျူးကျော်တဲများမှာ တွံတေးကြိုးတံတားထိပင် ရောက်ရှိနေပြီဖြစ်သည်။

ဇော်ဇော်ထွေး
Mizzima Burmese