ကျန်းမာရေးစောင့်ရှောက်မှုနှင့် လျှပ်စစ်မီးရရှိရေးအတွက် ကမ္ဘာ့ဘဏ်က ကန်ဒေါ်လာ သန်းနှစ်ထောင် ထောက်ပံ့

ပို့စ်တင်ချိန် - 1/26/2014 07:19:00 PM


မဇ္ဈိမသတင်းဌာန| တနင်္ဂနွေနေ့၊ ဇန်နဝါရီလ ၂၆ရက်၊ ၂၀၁၄ခုနှစ်။

ရန်ကုန် မဇ္ဈိမ။ ။ ကမ္ဘာ့ဘဏ်အုပ်စု၏ ဥက္ကဋ္ဌ ဂျင်ယုံကင်မ်၏ မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် ခရီးစဉ်အတွင်း ဆင်းရဲနွမ်းပါးသည့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် လျှပ်စစ်ဓာတ်အား ပိုမိုရရှိရန် အမေရိကန်ဒေါ်လာ သန်းနှစ်ထောင် ထောက်ပံ့မည်ဟု ကမ္ဘာ့ဘဏ်အုပ်စုက ဇန်နဝါရီလ ၂၆ရက်က သတင်းထုတ်ပြန်သည်။

ကမ္ဘာ့ဘဏ်အုပ်စု ဥက္ကဋ္ဌ ဂျင်ယုံကင်မ်နှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်တို့ ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ ဆေးရုံတစ်ခုကို သွားရောက်လည်ပတ်စဉ်အတွင်း ထိုအစီအစဉ်ကို မစ္စတာ ဂျင်ယုံကင်မ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

"လက်ရှိ ပြပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေရဲ့ အသီးအပွင့်တွေ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေဆီ မြန်မြန်ဆန်ဆန် ရောက်ရှိနိုင်ဖို့အတွက် ကျွနုပ်တို့ အနေနဲ့ ကူညီမှုတွေကို တိုးမြှင့်ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။"ဟု မစ္စတာ ဂျင်ယုံကင်မ်က ပြောသည်။

ယင်းထောက်ပံ့မှုသည် မြန်မာ အစိုးရ၏ စီမံကိန်းတစ်ခုဖြစ်သည့် ဆင်းရဲချမ်းသာမရွေး လူတိုင်း လက်လှမ်းမီနိုင်မည့် ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို အကောင်အထည်ဖော်ရန်နှင့် ၂၀၃၀ပြည့်နှစ် မတိုင်မီ လူတိုင်း လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိနိုင်ရန် ထောက်ပံ့ခြင်းဖြစ်သည်။

မြန်မာအစိုးရ၏ နှစ်ရှည် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို ကူညီနိုင်ရန် ကမ္ဘာ့ဘဏ်အုပ်စု၏ အဖွဲ့အစည်းများဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့(IDA)၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC)နှင့် နိုင်ငံစုံ အကျိုးတူ ရင်းနှီးမြှပ်နှံမှု အာမခံရေး အေဂျင်စီ (MIGA)အဖွဲ့များမှ ကျွမ်းကျင်မှုနှင့် အရင်းအမြစ်ကို ရယူသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ရာခိုင်နှုန်းအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အမေရိကန်ဒေါ်လာ သန်းတစ်ထောင် အသုံးပြုရန် ရည်ရွယ်ထားသည်ဟု ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

Mizzima Burmese