မြန်မာပြည်သူများ၏ တယ်လီဖုန်း၊ မိုဘိုင်းဖုန်း၊ အင်တာနက် အသုံးပြုနှုန်းနှင့် လျှပ်စစ်ရရှိမှုနှုန်းမှာ အာဆီယံတွင် ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်သည့် လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံထက်ပင် နိမ့်ကျနေပြီး ယခုထက်ပိုမိုတိုးတက်ရန် လိုအပ်နေ

ပို့စ်တင်ချိန် - 1/27/2014 11:51:00 AM


မြန်မာပြည်သူများ၏ တယ်လီဖုန်း၊ မိုဘိုင်းဖုန်း၊ အင်တာနက် အသုံးပြုနှုန်းနှင့် လျှပ်စစ်ရရှိမှုနှုန်းမှာ အာဆီယံနိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးဖြစ်သည့် လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများထက်ပင် နိမ့်ကျနေပြီး ယခုထက် ပိုမိုတိုးတက်နိုင်ရေး ဆောင်ရွက်နိုင်ရန် လိုအပ်နေကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်က ပြောကြားသည်။

အာဆီယံတွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှာ ဖွံ့ဖြိုးမှုနည်းပါးသည့် CLMV လေးနိုင်ငံအဖြစ် သတ်မှတ်ထားပြီး ဗီယက်နမ်နိုင်ငံသည် ဖွံ့ဖြိုးသည့်နိုင်ငံအဖြစ်သို့ ရောက်ရှိရေး ကြိုးပမ်းနိုင်ခဲ့သော်လည်း လက်ရှိတွင် မြန်မာနိုင်ငံသည့် အခြားသော နိုင်ငံများထက် ပိုမိုနိမ့်ကျသော နိုင်ငံအဖြစ်သို့ ရောက်ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံသား ၁ဝဝ လျှင် လူ ၁၃ ဦးသာ လျှပ်စစ်မီး အသုံးပြုနိုင်သော်လည်း လာအိုနိုင်ငံတွင် လူ ၁ဝဝ လျှင် ၅၅ ဦး၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၂၄ ဦးနှင့် ဗီယက်နမ်နိုင်ငံတွင် ၉၈ ဦးအထိ လျှပ်စစ်မီးရရှိနေကြောင်း သိရသည်။ တယ်လီဖုန်းလိုင်း အသုံးပြုနိုင်မှုတွင် မြန်မာနိုင်ငံသားများ အနေနှင့် လူ ၁ဝဝ လျှင် တစ်ဦးသာ အသုံးပြုနိုင်ပြီး လာအိုတွင်တစ်ဦး၊ ကမ္ဘောဒီးယားတွင် လေးဦးနှင့် ဗီယက်နမ်တွင် ၁၁ ဦးအထိ အသုံးပြုနေနိုင်ကြောင်း သိရသည်။

မိုဘိုင်းဖုန်း အသုံးပြုသည့် အနေအထား၌ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းတစ်လုံးလျှင် ကျပ် ၁၅ဝဝ သာ အစိုးရဈေးနှုန်း သတ်မှတ်ထားသော်လည်း မမှန်ကန်သော ရောင်းဝယ်မှုပုံစံများနှင့် လူတစ်ဦးတစ်ယောက်မှ ထိန်းချုပ်ထားသည့် ရောင်းဝယ်မှုပုံစံကြောင့် ကျပ် ၁၅ဝဝ တန် ဖုန်းတစ်လုံးလျှင် ကျပ်တစ်သိန်းဝန်းကျင်မှ ကျပ်နှစ်သိန်းဝန်းကျင်အထိ နံပါတ်အလိုက် ဈေးနှုန်းများ မြင့်တက်နေပြီး သာမန်လူတန်းစားများ အသုံးပြုနိုင်မှု နည်းပါးနေကြောင်း သိရသည်။

ထိုသို့သော အားနည်းချက်များကြောင့် မြန်မာပြည်သူများ၏ မိုဘိုင်းဖုန်း အသုံးပြုနိုင်မှုနှုန်းမှာ လူ ၁ဝဝ လျှင် သုံးဦးသာ အသုံးပြုနိုင်ပြီး လာအိုနိုင်ငံတွင်လူ ၁ဝဝ လျှင် ၈၇ ဦး၊ ကမ္ဘောဒီးယားနိုင်ငံတွင် လူ ၁ဝဝ လျှင် ၇ဝ ဦးနှင့် ဗီယက်နမ်နိုင်ငံတွင် လူတစ်ဦးလျှင် တစ်လုံးနှုန်းထက် ပိုမိုကိုင်ဆောင်နိုင်သည့် အနေအထားတွင် ရောက်ရှိနေပြီး လူ ၁ဝဝ လျှင် ၁၄၉ ရာနှုန်းအထိ မြင့်တက်နေကြောင်း သိရသည်။

“ကျွန်တော်တို့ ပြည်သူတွေရဲ့ လျှပ်စစ်၊ တယ်လီဖုန်း၊ မိုဘိုင်းဖုန်း၊ အင်တာနက် အသုံးပြုနှုန်းတွေကို ကြည့်လိုက်ပါ။ တခြားနိုင်ငံတွေထက် အများကြီး နိမ့်ကျနေပါတယ်။ ဒါတွေကို တိုးတက်ကောင်းမွန်အောင် လုပ်ရပါမယ်” ဟု ဒေါက်တာဦးမြင့်ကဆိုသည်။

ဆင်းရဲမွဲတေမှု များပြားနေပြီး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသည့် မြန်မာနိုင်ငံတွင် နိုင်ငံသားများ၏ အခြေခံလိုအပ်ချက်ဖြစ်သည့် စားဝတ်နေရေးဆိုင်ရာ လိုအပ်ချက်များအပြင် လူ့အဆင့်အတန်းနှင့်အညီ နေထိုင်နိုင်ရန်လိုအပ်သည့် ဝန်ဆောင်မှုများလည်း ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်ကြောင်း ဒေါက်တာဦးမြင့်က သုံးသပ်ပြောကြားသည်။

Eleven Media Group