ခမီကို ခူမီးဟု ပြောင်းလဲပြင်ဆင် သတ်မှတ်လို

ပို့စ်တင်ချိန် - 1/21/2014 05:26:00 PM


ပြည်လုံးကျွတ် သန်းခေါင်းစာရင်း  ကောက်ယူရာတွင် ချင်းလူမျိုးများ၏ မျိုးနွယ်စုထဲတွင် ထည့်သွင်းထားသည့် ခမီ ဟူသောအသုံးအနုန်းကို “ ခူမီး (Khumi)” ပြောင်းလဲ ပြင်ဆင် သတ်မှတ်ပေးရန် သန်းခေါင်စာရင်းကော်မီတီကို တင်ပြ တိုက်တွန်းလိုက်သည်ဟု သိရသည်။

ချင်းမျိုးနွယ်စုဝင် ‘ ခူမီး’ များက ဇန်န၀ါရီလ ၂၀ ရက်နေ့က ကြေညာချက်ထုတ်ပြန်ကာ ထိုသို့ တိုက်တွန်းတောင်းဆိုလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

၁၉၄၇ ခုနှစ် မတ်လ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့ထိ ရန်ကုန်မြို့တွင် ကြားနာခဲ့သည့် တောင်တန်းဒေသစုံစမ်းရေး ကော်မရှင်သို့ ရခိုင်တောင်တန်းခရိုင် (ယခု ပလက်ဝမြို့နယ်)မှ တိုင်းရင်းသား ကိုယ်စားလှယ်များ၏ ထွက်ဆိုတင်ပြချက်မှတ်တမ်းတွင် အင်္ဂလိပ်ဘာသာဖြင့် ‘ Khumi’ ဟု မူရင်း အသံထွက်ဖြင့် ရေးသား မှတ်တမ်းတင်ခဲ့သဖြင့် မူရင်း အသံထွက်နှင့် ကွဲလွဲနေ၍ ခမီ ကို ခူမီးဟု ပြင်ဆင် သတ်မှတ်ရန်တောင်းဆိုခြင်းဖြစ်ကြောင်း ခူမီး စာပေနှင့် ယဉ်ကျေးမူ  ဥက္ကဌ ဦးစနီအောင်က ပြောကြောင်း The Voice သတင်းစာတွင် ယနေ့ ဖေါ်ပြသည်။

ယင်းပြင် သတင်းစာတွင် လူဦးရေအားဖြင့် ရှစ်သောင်းခန့် ၀န်းကျင်ရှိသော ခူမီးလူမျိုးများသည် ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ဆမီးမြို့နယ်ခွဲ အပါအ၀င် ရန်ကုန်တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင်ပျံ့နှံ့ နေထိုင်ကြောင်း သတင်းစာတွင် ဖေါ်ပြသည်။

သို့အတွက် ယခု အမည်ပြောင်းလဲ ပြင်ဆင်သတ်မှတ်ရန် တောင်းဆိုရာတွင် ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ခမီ လူမျိုးများ အကျုံးဝင်မူ ရှိ မရှိကို အသေအချာ မသိရှိရသေးပေ။
Narinjara