လူ့အခွင့်အရေးတန်းတူရချင်သလို လိင်တူချစ်သူတွေ ဘက်ကလည်း အနေအထိုင်ဆင်ခြင်ကြဖို့ မန္တလေးက လိင်တူချစ်သူများ နှိုးဆော်လိုက်ကြ

ပို့စ်တင်ချိန် - 1/26/2014 08:30:00 AM


အလှမယ်ပွဲမှာ စိတ်ကြိုက်ပွဲတက်ဝတ်စုံ ၀တ်ဆင်ပြီး ပြိုင်ပွဲဝင်နေကြတဲ့ မိန်းမလျာအလှမယ်များ။ စည်သူလွင်/မြန်မာတိုင်း(မ်)

အနောက်တိုင်းဆန်ဆန် ရွှေရောင်ဖဲကြိုးခပ်ကြီးကြီးတွေနဲ့ ပြည်တွင်းဖြစ် လတ်လတ်ဆတ်ဆတ်
ပန်းပွင့်တွေကို ရစ်ပတ်အလှဆင်ထားတဲ့ အ၀င်ဝ ခန်းမကြီးဟာ ၀င်လာတဲ့ ဧည့်ပရိသတ်တွေကို
လှလှပပ စောင့်ကြိုနေသလို ကြွရောက်လာသူတွေကလည်း အခမ်းအနားနဲ့အပြိုင် လိုက်ဖက်စွာ
တောက်ပ လှပနေကြပါတယ်။

ဒါကတော့ ပြီးခဲ့တဲ့ နှစ်အတွင်းမှာ လိင်တူချစ်သူတွေကို ခွဲခြားဖိနှိပ်ရာမှာ နာမည်ကျော်ခဲ့တဲ့
မန္တလေးမြို့မှာ ဒီနှစ် ၂၀၁၄ နှစ်ဦးမှာပဲ ကျင်းပလိုက်တဲ့ မိန်းမလျာအလှမယ်ပြိုင်ပွဲ (Miss Beauty
Concert 2014) ပဲဖြစ်ပါတယ်။

အိပ်ခ်ျအိုင်ဗီဝေဒနာရှင်တွေ အတွက် ရန်ပုံငွေရှာဖွေတဲ့အနေနဲ့ ပြုလုပ်တဲ့ဒီပွဲကြီးကို ဇန်န၀ါရီလ
၁၇ ရက်နေ့က Oriental House စားသောက်ဆိုင်မှာ ကျင်းပခဲ့တာဖြစ်ပြီး မန္တလေးမြို့ရဲ့
အထင်ကရပန်းအလှပြင်သူတွေ၊ မိတ်ကပ်ပညာရှင်တွေ၊ ဒီဇိုင်နာတွေ၊ ကျန်းမာရေးပညာရှင်တွေနဲ့
လူ့အခွင့်အရေးလုပ်ဆောင်သူတွေဟာ အလှမယ်ပြိုင်ပွဲကြီးကို အားပေးဖို့ အတွက် ပွဲမစခင်
ကတည်းက ခန်းမအပြင်ရော အတွင်းဘက်မှာပါ နေရာယူထားကြတာကို တွေ့ရပါတယ်။

ဒီလိုပွဲမျိုး မန္တလေးမြို့မှာ ကျင်းပတာ ပထမဆုံးအကြိမ် မဟုတ်တော့ပေမယ့် မနှစ်ကကြုံခဲ့ရတဲ့
အဖြစ်အပျက်တွေ နောက်ပိုင်းမှာ ပထမဆုံး ပြန်လည် ကျင်းပတာမို့ လိင်တူချစ်သူတွေအဖို့
စိတ်လှုပ်ရှားစရာကောင်းတဲ့၊ အကောင်း ဘက်ကို ရောက်လာတယ်လို့ ပြောရမယ့် ပွဲတစ်ပွဲလို့
ပြောရမှာ ဖြစ်ပါတယ်။

ရတနာပုံမင်းနေပြည်တော် နန်းစိုက်ရာမြို့ဖြစ်တဲ့မန္တလေးမြို့မှာ အခုလို မိန်းမလျာတွေအတွက်
အလှမယ်ပြိုင် ပွဲတွေကျင်းပတာဟာ လိင်တူချစ်သူတွေအတွက် ခွဲခြားမှုတွေ တဖြည်းဖြည်း
လျော့နည်းလာစေတာ မှန်ပေမယ့် စင်ပေါ်မှာ တင်အောင်မြင်တာမျိုး မဟုတ်ဘဲ နေရာအနှံ့မှာပါ
လူဝင်ဆံ့ စေချင်တယ်လို့ ပွဲတက်လာသူတစ်ဦးဖြစ်တဲ့ Equality Myanmar Organization မှ
ဒါရိုက်တာ ဦးအောင်မျိုးမင်း က ပြောပါတယ်။

"အခုလို လိင်တူချစ်သူတွေကို အားပေးရာရောက်တဲ့ပွဲမျိုး ခပ်စိပ်စိပ် ကျင်းပနိုင်လေလေ သူတို့ကို
လူသတိထားမှု များများရပြီး လက်ခံနိုင်လေလေဖြစ်မှာပါ။ ဒါပေမဲ့ အခုလို သိသာထင်ရှားတဲ့
နေရာမျိုးမှာ အသိုင်းအ၀ိုင်း တစ်ခုလောက်အတွင်းမှာပဲ လက်ခံလာတာ ကျယ်ပြန့်လာတာမျိုး
ထက် စင်အောက်ကနေရာအနှံ့မှာရှိတဲ့ လိင်တူချစ်သူတွေအတွက်လည်း စဉ်းစားပေးဖို့ လိုအပ်
ပါလိမ့်မယ်"လို့ ဦးအောင်မျိုးမင်းက ထောက်ပြပြောဆိုပါတယ်။


အလှမယ်ပွဲမှာ ပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ အီမို ယှဉ်ပြိုင်နေစဉ်။ စည်သူလွင်/မြန်မာတိုင်း(မ်)

၂၀၁၃ ခုနှစ်တွင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ အဆိုးဆုံးအဖြစ် မန္တလေးမြို့မှာ လိင်တူ
ချစ်သူတွေကို ဖမ်းဆီးနှိပ်ကွပ်ခဲ့တဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့တာကြောင့် ၂၀၁၄ နှစ်စမှာ
ပွဲဦးထွက် ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့တဲ့ ဒီပွဲကြီးက ဖိနှိပ်သူတွေကို စိန်ခေါ်တာမျိုးတော့
မဟုတ်ပါဘူးလို့လည်း သူက ဆက်ပြောပါတယ်။

"လိင်တူချစ်သူတွေရဲ့ အစွမ်းအစကို ဖော်ထုတ်တာဖြစ်လို့ ကျွန်တော်တို့ဘက်က စိန်ခေါ်တာမျိုး
တော့ မဟုတ်ပါဘူး။ လူကို လူလိုတန်ဖိုးထား အသိအမှတ်ပြုစေချင်တာဖြစ်ပြီး လိင်တူချစ်သူတွေ
ဘက်ကလည်း အလှအပ တစ်ခုတည်းမဟုတ်ဘဲ လူသားအကျိုးပြုအလုပ်တွေပါ လုပ်ဖို့လိုအပ်ပါ
တယ်"လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ပွဲတက်ခဲ့ကြတဲ့ အခြားလိင်တူချစ်သူတွေကလည်း သူတို့အပေါ် ပုံမှန်လူသားတစ်ဦးလိုပဲ
တန်ဖိုးထား ဆက်ဆံစေလိုကြပြီး လိင်တူချစ်သူတွေအနေနဲ့လည်း အများအမြင်မှာ မသင့်တော်တဲ့
အပြုအမူမျိုး မပြုလုပ်မိအောင် ထိန်းသိမ်းသင့်တယ်လို့ပြောဆိုခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်ကတည်းက အာဆီယံနှီးနှောဖလှယ်ပွဲတွေမှာ ပါဝင်ဆွေးနွေးခဲ့
သလို ပြည်တွင်းမှာကျင်းပတဲ့ မိန်းမလျာအလှမယ်ပွဲတွေမှာ ဆုများစွာရရှိသူလည်းဖြစ်၊
လူ့အခွင့်အရေးအတွက်လှုပ်ရှား သူလည်းဖြစ်တဲ့ အိမ့်လေးကလည်း ဦးအောင်မျိုးမင်းပြောသလိုပဲ
အခုလို အလှမယ်ပွဲတွေဆက်နေတာမျိုးက သူတို့ကို လူတွေ ပိုသတိထားမိစေတယ်လို့
သူ့အမြင်ကို ပြောခဲ့ပါတယ်။

"အခုလိုပွဲတွေက ကိုယ့်ရုပ်ကို ဘယ်လောက်လှတယ်ဆိုတာ ပြချင်တာသက်သက်မဟုတ်ဘဲ
မိန်းမလျာတွေလည်း သာမန်လူတွေလို လူရှေ့မှာ ထွက်ရပ်ရဲတယ်ဆိုတာကိုပြစေပါတယ်။
ပြီးတော့ ပြိုင်ပွဲတွေကလည်း အလှအပ တစ်ခုတည်းမဟုတ်ဘဲ အရည်အချင်းပိုင်းနဲ့ ဗဟုသုတ
ပိုင်းဆိုင်ရာတွေလည်း တော်တော်လေး ထပ်ပေါင်းလာပါပြီ" လို့ ၂၀၁၃ ခုနှစ်မှာ ကျင်းပခဲ့တဲ့
မိန်းမလျာအလှမယ်ပြိုင်ပွဲတွေမှာ Best Activist, Miss Popular, Miss Human Rights စတဲ့
ဆုတွေရဲ့ပိုင်ရှင် ဖြစ်ခဲ့တဲ့ အိမ့်လေးက ပြောပါတယ်။

မနှစ်ကကြုံခဲ့ရတဲ့ မန္တလေးမြို့နေ လိင်တူချစ်သူတွေကို ခွဲခြားဖိနှိပ်တဲ့ အခြေအနေတွေကို
၂၀၁၄ ခုနှစ်မှာ ဆက်မဖြစ်အောင် လူ့အခွင့်အရေးလှုပ်ရှားသူတွေက ကြိုးစားနေသလို လိင်တူ
ချစ်သူတွေအနေနဲ့လည်း အသွားအလာအနေအထိုင်တော့ ဆင်ခြင်သင့်တယ်လို့ ဆိုပါတယ်။

"ဒီမှာက တခြားမြို့တွေထက် ဖိနှိပ်တာ ပိုခံခဲ့ရတော့ အခုချိန်မှာ မိန်းမလျာတွေကို သာမန်အချိန်
တွေမှာထက် အခုလိုပွဲမျိုးရှိတဲ့အချိန်မှ ဘွားခနဲအများကြီးကို တွေ့ရတာ။ လူသားထုတစ်ရပ်ဖြစ်တဲ့
ကျွန်မတို့မိန်းမလျာတွေကို မနှိပ်စက်စေချင်သလို ကိုယ်တွေရဲ့ လူ့အခွင့်အရေး အပြည့်အဝ
တန်းတူရဖို့အတွက် လိင်တူချစ်သူတွေဘက်ကလည်း မျက်စိနောက်အောင်တော့ မနေသင့်ဘူး
ပေါ့"လို့ အိမ့်လေးက ပြောပါတယ်။


အလှမယ်ပွဲမှာ စိတ်ကြိုက်ပွဲတက်ဝတ်စုံ ၀တ်ဆင်ပြီး ပြိုင်ပွဲဝင်နေကြတဲ့ မိန်းမလျာအလှမယ်များ။ စည်သူလွင်/မြန်မာတိုင်း(မ်)

အိမ့်လေးအနေနဲ့ ဒီလိုပြောဆိုလိုက်ပေမယ့်လည်း ပွဲကျင်းပရာညက စင်ပေါ်က အလှမယ်တွေကို
စင်အောက်မှာ အားပေးနေတဲ့ လိင်တူချစ်သူတွေကိုယ်တိုင်က အော်ကြီးဟစ်ကျယ် လှောင်ပြောင်
စနောက်ခဲ့တာကတော့ ရိုင်းပင်းကြရမယ့် သူတွေအချင်းချင်းပေါ်မှာ ရိုင်းပျသလိုမျိုးဖြစ်ခဲ့တဲ့
ရုပ်ဆိုးလှတဲ့မြင်ကွင်းလို့ပဲ သုံးသပ်ရမှာဖြစ်ပါတယ်။

ပါဝင်ယှဉ်ပြိုင်သူ အလှမယ်တွေဟာ ၀တ်စုံသုံးစုံနဲ့ ပြိုင်ပွဲဝင်ခဲ့ကြတာဖြစ်ပြီး အလန်းစားဝတ်စုံတွေနဲ့
ဝတ်ဆင် ယှဉ်ပြိုင်ခဲ့ကြတာမို့ ပုံမှန်အလှမယ်ပွဲတွေလို အရည်အချင်းပြသပွဲတွေ၊ ဉာဏ်စမ်းပွဲတွေ
မထည့်ခဲ့ပေမယ့် ဖျော်ဖြေရေးအနေနဲ့ ကြည့်လို့ ကောင်းတဲ့ပွဲတစ်ပွဲလို့ ဆိုရပါမယ်။

မန္တလေးမြို့ရဲ့နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာ မျိုးမင်းစိုးကတော့ မန္တလေးမြို့မှာ ဒီလိုပွဲမျိုး ကျင်းပ
လာနိုင်တာဟာ လိင်တူချစ်သူတွေကို ဖိနှိပ်တာတွေ အတော်လေး လျော့နည်းလာပြီး လိင်တူ
ချစ်သူ အသိုင်းအ၀ိုင်းဟာလည်း အရင်ကထက်စာရင် ပွင့်လင်းလာတာကြောင့်လို့ ပြောပါတယ်။

"တချို့က မန္တလေးမြို့မှာ အခုထိ မိန်းမလျာတွေကို အဖမ်းအဆီးတွေရှိနေတုန်းပဲလို့ ထင်ကြတယ်။
တကယ်က အခုချိန်မှာ မန္တလေးမြို့ မှာ တော်တော်ပွင့်လင်းလာလို့ အခုလိုမျိုးပွဲတွေလည်း လုပ်ခွင့်
ရလာတာပါ။ အသိုင်းအ၀ိုင်း အဆင့်အတန်းတစ်ခုချင်းစီကို လုပ်ကြတဲ့ပွဲမျိုးတွေထက် အလှအပကို
စိတ်ဝင်စားတဲ့ မိန်းမလျာအားလုံး ပါဝင်နိုင်တဲ့ ပွဲမျိုးတွေလည်း များများလုပ်ဖို့ လိုအပ်ပါလိမ့်မယ်"
လို့ မျိုးမင်းစိုးက ပြောပါတယ်။

ဒီလိုပွဲတွေ ကျင်းပတာဟာ လိင်တူချစ်သူ အချင်းချင်း ချစ်ခင်စည်းလုံးစေတဲ့အပြင် သူတို့
အသိုင်းအ၀ိုင်းကိုလည်း ယုံကြည်ချက်ပိုရှိစေပေမယ့် အများပြည်သူတွေအနေနဲ့ ၀ိုင်းမကူညီရင်
တော့ ဘယ်လိုမှ အောင်မြင်မှာမဟုတ်ပါဘူးလို့ ပွဲတက်လာသူ မိန်းမလျာအလှမယ်ဟောင်း
တစ်ယောက်ဖြစ်တဲ့ စိုးက ပြောပါတယ်။

"ရန်ကုန်နဲ့ ယှဉ်လိုက်ရင် မန္တလေးက နယ်လိုဖြစ်သွားပေမယ့် မီဒီယာတွေကတစ်ဆင့် လူ့
အခွင့်အရေး လှုပ်ရှားသူတွေကတစ်ဆင့် လိင်တူချစ်သူတွေဆိုတာ လူတန်းစားတစ်ရပ်ဆိုတာ
သိလာကြပါပြီ။ ပြီးတော့ လူ့အခွင့်အရေး တစ်ရပ်အဖြစ် တောင်းဆိုနေထိုင်နိုင်တယ်ဆိုတာလည်း
သိလာကြပြီ။ ဒါပေမဲ့ စည်းလွတ် ၀ါးလွတ်နေလို့တော့ ဘယ်အရာမှ အဆင်ပြေမှာ မဟုတ်ပါဘူး။
ဒီတော့ ကိုယ်တွေဘက်ကလည်း စည်းကမ်းတကျနဲ့ အဆင့်အတန်းရှိရှိနေတတ်ဖို့ လိုပါတယ်"လို့
စိုးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဒီပွဲကြီးကို ပန်းအလှပညာရှင် မာမီကင်းက ဦးဆောင်ကျင်းပခဲ့တာဖြစ်သလို ရရှိခဲ့တဲ့အလှူ
ငွေကျပ်သိန်း ၂၀ ကို မန္တလေးမြို့မှာနေထိုင်တဲ့ အိပ်ခ်ျအိုင်ဗီဝေဒနာရှင်တွေအတွက် အစိုးရ
မဟုတ်တဲ့ အဖွဲ့အစည်းတွေကနေတစ်ဆင့် လှူဒါန်းသွားမှာဖြစ်ပါတယ်။

"ဒီပွဲကို စလုပ်မယ်လို့ ရည်ရွယ်ကတည်းက အိပ်ခ်ျအိုင်ဗီဝေဒနာရှင်တွေကို ပြေးမြင်မိလို့ပါ။
ရောဂါပိုးကူးစက်ခံရတဲ့ မိန်းမလျာတွေအပြင် ကလေးငယ်တွေနဲ့ ကူးစက်ခံရသူမှန်သမျှကို ကူညီ
လှူဒါန်းသွားဖို့ စီစဉ်ထားပါတယ်။ ဒီလိုပွဲမျိုးက အလှအပဆိုတာ ချည်းသက်သက်မဟုတ်ဘဲ
ကျန်းမာရေးအသိပညာပေးနိုင်တဲ့၊ လိင်တူချစ်သူအချင်းချင်းစုစည်းပြီး ဗဟုသုတတွေဖလှယ်နိုင်တဲ့
ပွဲမျိုးဖြစ်စေချင်တာပါ"လို့ ပွဲကျင်းပဖြစ်တဲ့ ရည်ရွယ်ရင်းကို မာမီကင်းက ပြောပြပါတယ်။

ပြိုင်ပွဲမှာ ပထမဆုကို မြတ်နိုးသိမ့်၊ ဒုတိယဆုကို ဂျူးဂျူးစံနဲ့ တတိယဆုကိုတော့
နန်းထက်ထက်မွန်းက ရရှိသွားခဲ့ပြီး ကျပ်သုံးသိန်း၊ နှစ်သိန်း၊ တစ်သိန်းနဲ့ ဘန်ကောက်မြို့ကို
သွားရောက်နိုင်ဖို့ အသွားအပြန် လေယာဉ်လက်မှတ်အပြင် မိတ်ကပ်ပြင်ပစ္စည်း တစ်စုံစီပါ
ချီးမြှင့်ခဲ့ပါတယ်။

ငြိမ်းအိအိထွေးနှင့် စည်သူလွင်
မြန်မာတိုင်း(မ်)