မလေးရှားတွင် မီးလောင် မြန်မာ ၁ ဦး သေဆုံး

ပို့စ်တင်ချိန် - 1/10/2014 06:45:00 AM

မြန်မာနိုင်ငံသား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရသွားခဲ့ရတဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဂျလန်တီအွန်နမ်အရပ်က မီးလောင်မှုနဲ့ ပတ်သတ်လို့ ရဲက စုံစမ်းစစ်ဆေးနေတယ်လို့ မလေးရှား သည်စတား အွန်လိုင်သတင်းမှာ ဖော်ပြပါတယ်။


အသက် ၂၈ နှစ်အရွယ် မြန်မာအမျိုးသား ၂ ဦး နေထိုင်ရာ ကားရပ်နားရာနေရာက ယာယီနေဖို့လုပ်ထားတဲ့ ကုန်သေတ္တာတလုံးမှာ ရှို့မီးလို့ ယုံကြည်ရတဲ့မီးလောင်မှုတခု ဇန်န၀ါရီ ၈ ရက်နေ့ မနက် ၃ နာရီလောက်က ဖြစ်ပွားခဲ့တာပါ။

မီးလောင်မှုကို မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနက သတင်းရပြီးနောက် သွားရောက် ကယ်ဆယ်ခဲ့ရာမှာ ၁ ဦးရဲ့ အသက်ကို ကယ်နိုင်ခဲ့ပြီး တဦးကတော့ မီးထဲပါသွားခဲ့တဲ့အကြောင်းနဲ့ အာဏာပိုင်တွေက မီးရှို့တိုက်ခိုက်ရာမှာ အသုံးပြုပုံရတဲ့ ပလစ်စတစ်ပုံး ၂ လုံးကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြို့ရဲ့ ရာဇ၀တ်မှုစုံစမ်းရေးဌာနရဲ့ အကြီးအကဲ ခိုင်ရီအာရာဆာကတော့ ရဲတပ်ဖွဲ့အနေနဲ့ ဒီအမှုကို လူသတ်မှုအဖြစ် စုံစမ်းစစ်ဆေးနေကြောင်းနဲ့ မြန်မာ ၁ ဦး သေဆုံးခဲ့ရတဲ့ ဒီ မီးလောင်မှုဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်ဆိုတဲ့ အထောက်အထားတချို့ ရှာဖွေ တွေ့ရှိထားတယ်လို့ ပြောပါတယ်။

ဒီ အမှုဖြစ်ရခြင်းအကြောင်းရင်းဟာ ကားပါကင်ပြဿနာနဲ့ ဆက်စပ်နေပြီး တရားခံ တွေကိုတော့ ဇန်န၀ါရီ ၉ ရက် ဒီနေ့မှာ ဖမ်းဆီးနိုင်လိမ့်မယ်လို့လည်း ရဲကပြောပါတယ်။

ဒဏ်ရာရသွားတဲ့ မြန်မာတဦးကတော့ မီးလောင်ဒဏ်ရာတွေနဲ့ ကွာလာလမ်ပူဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

DVB Burmese