မီးရထားတွဲဆိုင်းကြော်ညာ လေလံလျှောက်ထားရန် ၁၀ခု ကျန်ရှိနေသေး

ပို့စ်တင်ချိန် - 1/22/2014 07:25:00 PM


ရန်ကုန်၊ ဇန်နဝါရီ  ၂၂။

မြန်မာ့မီးရထားလုပ်ငန်း ရန်ကုန်မြို့ပတ် နှင့် အထူးရထား၊ နယ်ဝေးရထားများအား တွဲဆိုင်းကြော်ငြာ ၂၃ ခုအား တင်ဒါခေါ်ယူထားသော်လည်း ၁၃ ခုသာ လေလံအောင်ကာ ရထားတွဲဆိုင်း ၁၀ ခု လေလံ လျှောက်ထားရန်ကျန်ရှိ သေးကြောင်း ရန်ကုန်တိုင်းဒေသကြီး မြန်မာ့မီးရထား လုပ်ငန်းမှ ဇန်နဝါရီ ၂၂ ရက်နေ့က စုံစမ်း သိရှိရသည်။

အဆိုပါ မြန်မာ့မီးရထားတွဲဆိုင်း ကြော်ငြာအား ၂၀၁၃ ခုနှစ် အောက်တိုဘာလကတည်းက လေလံ ခေါ်ခဲ့သော်လည်း ၁၃ ဦးကသာ လေလံအောင်ခဲ့ကြောင်း လေလံအောင်ခဲ့သော ကုမ္ပဏီများသည်လည်း ယခုလက်ရှိ အချိန်အထိ ရထားတွဲဆိုင်းများတွင် ကြော်ငြာကပ်ရန် ဒီဆိုင်းဆွဲနေလျက်ရှိပြီး တွဲဆိုင်းနှစ်စီးသာ ပြီးစီးသေးကြောင်း မြန်မာ့မီး ရထားလုပ်ငန်းမှ စီးပွားရေးမန်နေဂျာ ဗိုလ်မှူးစိုးမိုးအောင်က ပြောသည်။

“တစ်ဖက်တစ်လမ်းကနေပြီးတော့ မြန်မာ့မီးရထားလုပ်ငန်းရဲ့ဝင်ငွေ ရအောင်လို့ ပါ” ဟု ဗိုလ်မှူး စိုးမိုးအောင်က ဆိုသည်။

တစ်နေ့လျင် ခရီးသည် ၉၀၀၀၀ ခန့် စီးနင်းလျက်ရှိသည့် မြန်မာ့ မီးရထားလုပ်ငန်းသည် တစ်နေ့လျင် ကျပ် သိန်း ၂၀ ခန့် အရှုံးပေါ်နေလျက်ရှိကြောင်း ယင်းကဲ့သို့ အရှုံးပေါ်နေသည့် ငွေကြေးအား တစ်ဖက်တစ်လမ်း မှ ဖြည့်တင်း ရန်အတွက်ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်၏ ပြောပြချက်အရ သိရသည်။

၂၀၁၃ ဘဏ္ဍာ နှစ်အတွင်း  ရန်ကုန်တိုင်းဒေသကြီး မြန်မာ့မီးရထား လုပ်ငန်းအနေဖြင့် ကျပ် သိန်းပေါင်း ၂၀၀၀၀ ကျော်ရှာဖွေနိုင်ခဲ့ပြီး ရထားတွဲဆိုင်း ကြော်ငြာမှ ကျပ် သိန်းပေါင်း ၇၀၀ ကျော်အထိ ရှာဖွေနိုင်ခဲ့ကြောင်း ဗိုလ်မှူးစိုးမိုးအောင်က ဆက်လက် ပြောသည်။

“ကြော်ငြာအားလုံးကိုတော့ လက်ခံပါတယ် ဒါပေမယ့် မြန်မာယဉ်ကျေးမှုကို ထိခိုက်စေမယ့် အဝတ်အစားတွေ ဝတ်ဆင်ပြီး ရိုက်ထားတဲ့ စတေကာတွေနဲ့ အရက်၊ ဘီယာ၊ စီးကရက်၊ ကြော်ငြာတွေကိုတော့ ရထားတွဲဆိုင်းတွေ မှာ အကပ်ခံမှာ မဟုတ်ပါဘူး” ဟု ဗိုလ်မှူးစိုးမိုးအောင်က ထပ်လောင်း ပြောဆိုသည်။

ရန်ကုန်မြို့ပတ်ရထား၌ ယခင်က တစ်နေ့လျင် တွဲဆိုင်း ၂၁ ဆိုင်းဖြင့် အခေါက်ရေ ၂၀၀ ကျော်သာ ပြေးဆွဲနိုင် ခဲ့သော်လည်း ယခု ၂၀၁၄ ခုနှစ် တွဲဆိုင်းများ အသစ်ရောက်ရှိမှုကြောင့် တွဲဆိုင်း ၂၃ ဖြင့် အခေါက်ရေ ၂၁၅ ခေါက်အထိ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

ရထားအမျိုးအစားအလိုက် ကြော်ငြာလုပ်ငန်းလုပ်ပိုင်ခွင့် ရရှိသည့် ကုမ္ပဏီများမှာလည်း Paing&Paing Co,Ltd ABC Media Co,Ltd . New Life Advertising Co,Ltd . Myanmar Distribution . Meizau Co,Ltd  . ကစ္စပနဒီ ကုမ္ပဏီ . M.M.M Co,Ltd . Outdoor Network Co,Ltd တို့ဖြစ်ကြောင်း သိရသည်။

နှင်းနွယ်
The Myanma Age