ဆက်သွယ်ရေးနှင့် ပေပေါင်း ၃၆၀၀ ကျော်

ပို့စ်တင်ချိန် - 1/15/2014 07:30:00 AM


အတွဲ (၁၅)၊ အမှတ် (၃)

ဟဲလို ... ဟဲလိုဟု အသံကျယ်လောင်စွာဖြင့် မိုဘိုင်းဖုန်း ဆက်သွယ်ပြောဆိုနေသူတစ်ဦးကို နေရောင်ခြည် နည်းပါးသည့် မြူနှင်းများအကြား တွေ့မြင်ရသည်။ လျှပ်စစ်မီး ပျက်တောက်သွားသည့်အခါတိုင်း မိုဘိုင်းဖုန်းလိုင်းများကို ယခုကဲ့သို့ ခက်ခဲစွာ ဆက်သွယ်ပြောဆိုရသည်မှာ အဆန်းတကျယ်မဟုတ်ကြောင်း မိုးကုတ်မြို့ဒေသခံများက ဆိုသည်။



စာရင်းဇယားများအရ မိုးကုတ်မြို့၌ လူဦးရေ ၂ သိန်းဝန်းကျင်နေ ထိုင်ပြီး GSM မိုဘိုင်းဖုန်း အလုံးရေ ၁ သောင်းခွဲခန့် အသုံးပြုကြသည်ဟု သိရသည်။ ကြိုးဖုန်းအနေဖြင့် မိုးကုတ်မြို့၌ အရေအတွက် ၁၇၀၀ နီးပါးအသုံးပြုပြီး CDMA 450 မိုဘိုင်းဖုန်းလိုင်းကိုမူ ကျေးရွာများအတွက်သာ အနည်းငယ်အသုံးပြုသည်ဟု သိရသည်။



မိုးကုတ်မြို့၌ အသုံးပြုသည့် မိုဘိုင်းဖုန်းလိုင်းများသည် ဒေတွင်း ရေအားလျှပ်စစ်မှ ထွက်ရှိလာသည့် လျှပ်စစ်ဓာက်အားကို အဓိက မှီခိုအားထားနေရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဒေသခံများ၏ အဆိုအရ လျှပ်စစ်မီး ပျက်တောက်ပြီး နာရီဝက်ခန့်အကြာ၌ မိုဘိုင်းဖုန်းလိုင်းများ၏ စွမ်းဆောင်ရည်မှာ ကျဆင်းသွားတတ်ကြောင်း သိရသည်။



“ဖုန်းလိုင်းတွေ မီးပျက်ရင် လိုက်ပြီးပျက်တာပဲ။ CDMA မှာ ပိုပြီးအဖြစ်များတယ်။ GSM ကတော့ အခုနောက်ပိုင်းမှ ဖြစ်လာတာ။ မီးပျက်ရင် VIP ကြိုးဖုန်းတွေ ကလွဲရင် ကျန်တာတွေ အားလုံး လိုင်းကျသွားတတ်တယ်” ဟု မိုးကုတ်မြို့၌ အိုင်တီစီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူ ကိုတမာန်ဦးက ပြောသည်။



မိုးကုတ်မြို့၏ ရေးအားလျှပ်စစ်သည် အရှုံးပေါ်နေသည့် စီးပွားရေးလုပ်ငန်းဖြစ်သည့်အပြင် ဒေသတွင်း ဖွံ့ဖြိုးရေးအတွက် လုံလောက်စွာ ပေးစွမ်းနိုင်သည့် အခြေအနေ မရှိသေးကြောင်း ပုဂ္ဂလိကအနေဖြင့် လျှပ်စစ်ကဏ္ဍလွှဲပြောင်း လုပ်ကိုင်နေသူက ပြောသည်။



လျှပ်စစ်ဓာတ်အားနည်းပါးခြင်းကြောင့် မိုဘိုင်းဖုန်းလိုင်းများကို အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ခြင်း မရှိသေးသော်လည်း ဒေသခံများသည် မြန်မာ့ဆက်သွယ်ရေးမှ ရောင်းချပေးနေသည့် ၁၅၀၀ ကျပ်တန် GSM မိုဘိုင်းဖုန်းလိုင်းများကို ငွေကျပ် ၁ သိန်းကျော်ပေး၍ ကိုင်ဆောင်အသုံးပြုရန် စိတ်အားထက်သန်ကြကြောင်း ဒေသတွင်း ဟန်းဆက်အရောင်းဆိုင် ဖွင့်လှစ်သူတချို့က ပြောသည်။



“လူလေးရာကျော်လောက်ရှိတဲ့ ရပ်ကွက်တစ်ခုကို မိုဘိုင်းဖုန်းက ၁ လုံး ၂ လုံးလောက်ပဲ မဲဖောက်ပေးတာဆိုတော့ လောက်ငှမှုတော့ မရှိဘူး။ ဒီတော့အပြင်မှာ ၁ သိန်းကျော်ပေးပြီး ဝယ်သုံးကြတဲ့လူတွေ များပါတယ်” ဟု  မိုးကုတ်မြို့၌ ဟန်းဆက်အရောင်းဆိုင် ဖွင့်လှစ်ထားသူတစ်ဦးက ပြောသည်။



မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) \ CDMA 800 ကွန်ရက်သည် မိုးကုတ်မြို့၌ သုံးစွဲနိုင်ခြင်း မရှိသည့်အတွက် မဲစနစ်ဖြင့် ရောင်းချသည့် အစီအစဉ်၌ GSM ဖုန်းလိုင်းများသာ ပါဝင်ခဲ့သည်။ WCDMA မိုဘိုင်းဖုန်းလိုင်းများကိုလည်း မိုးကုတ်မြို့၌ ရောင်းချခြင်း မရှိသည့်အတွက် မြို့နေဒေသခံများအနေဖြင့် GSM မိုဘိုင်းဖုန်းလိုင်း တစ်ခုတည်းကိုသာ အားကိုးသုံးစွဲရခြင်း ဖြစ်သည်။



အရှေ့ပိုင်းနှင့် အနောက်ပိုင်း ကွဲပြားနေသည့် မိုးကုတ်မြို့၌ မိုဘိုင်းဟန်းဆက်အရောင်းဆိုင် ၂၀ ခန့် ရှိပြီး ပျမ်းမျှအားဖြင့် လစဉ် ဟန်းဆက်အလုံးရေ တစ်ဆိုင်လျှင် ရာဂဏန်းကျော် ရောင်းချနေရကြောင်း သိရသည်။ အဓိကအားဖြင့် ၁ သိန်းဝန်းကျင် ဟန်းဆက်များကို ရောင်းချနေရခြင်းဖြစ်ပြီး ပြုပြင်ရေးလုပ်ကိုင်သည့် လုပ်ငန်း အနေဖြင့်လည်း မိုးကုတ်မြို့၌ အောင်မြင်မှုရှိလာသည်ဟု သိရသည်။



အရေအတွက် ၁ သောင်းခွဲဝန်းကျင်ရှိသည့် မိုးကုတ်မြို့ GSM ဖုန်းလိုင်းများ အသုံးပြုသူများသည် အများအားဖြင့် မိုဘိုင်းအင်တာနက်စနစ်ကို ချိတ်ဆက်အသုံးပြုကြသည်။ ဒေသတွင်း၌ ADSL အင်တာနက်လိုင်းနှင့် IP Star အင်တာနက်လိုင်းများကို တပ်ဆင်အသုံးပြုကြသော်လည်း အများစုမှာ မိုဘိုင်းအင်တာနက် စနစ်ကိုသာ အားကိုးအသုံးကြသည်ဟု သိရသည်။



အင်တာနက်သီးသန့်ဆိုင် အနေဖြင့် မိုးကုတ်မြို့၌ ၄ ဆိုင်ခန့်သာရှိပြီး ဂိမ်းနှင့်တွဲဖက် ဖွင့်လှစ်သည့် အင်တာနက်ဆိုင် အရေအတွက်မှာ ၁၀ ဆိုင်ခန့်ရှိ သည်။ “ ADSL က ဒီမှာ တစ်မြို့လုံး လိုင်း ၂၀ ပဲရှိတယ်။ တကယ်သုံးနေကြတာက ၁၀ လိုင်းလောက်ပဲ သုံးနေကြတာ။ ကျန်တဲ့လိုင်းတွေက လိုင်းမကောင်းလို့ ချိတ်ပြီး မသုံးကြတော့တာ။ ပြန်ရောင်းတာလည်း မတွေ့ရဘူး။ လိုင်းအသစ် လိုချင်ရင်လည်း ရုံးကထပ်ပြီး ချိတ်မပေးတော့ဘူး” ဟု ဒေသခံ ဆက်သွယ်ရေးလုပ်ငန်းနှင့် နီးစပ်သူက ပြောသည်။



ADSL အင်တာနက်လိုင်းကို မိုးကုတ်မြို့အရှေ့ပိုင်း၌သာ ချထားပေးခြင်းဖြစ်ပြီး မြို့အနောက်ပိုင်းအတွက် ချထားပေးခြင်းမရှိကြောင်း မိုးကုတ်မြို့အနောက်ပိုင်း၌ နေထိုင်သူတစ်ဦးက ပြောသည်။ အင်တာနက်စနစ်အတွက် IP Star အင်တာနက်လိုင်း အသုံးပြုသူများသည် အင်တာနက်လိုင်း ဝယ်ယူနိုင်ခြင်း မရှိသူများအတွက် Wifi စနစ်ဖြင့် ပြန်လည်ရောင်းချပေးခဲ့သည်။



တစ်လလျှင် ငွေကျပ်သုံးသောင်းဖြင့် Wifi အင်တာနက်စနစ်ကို မိုးကုတ်မြို့၌ အသုံးပြုသူများ ရှိသော်လည်း အများစုမှာ GSM မိုဘိုင်းဖုန်း အင်တာနက်စနစ်ကိုသာ အားထား အသုံးပြုကြသည်။ ထို့အပြင် အင်တာနက်ဆိုင် တချို့သည်လည်း လိုင်းကျဆင်းခြင်း၊ အသုံးပြုသူ နည်းပါးခြင်းတို့ကြောင့် မိုးကုတ်မြို့၌ လျော့နည်းလာခဲ့သည်။



မြန်မာနိုင်ငံရှိ အခြားသောမြို့များနည်းတူ မိုးကုတ်မြို့သည်လည်း လူဦးရေ အချိုးအစားနှင့် တွက်ချက်ကြည့်လျှင် မိုဘိုင်းဖုန်းအသုံးပြုသူ အရေအတွက်သည် လွန်စွာနည်းပါးသည်ကို တွေ့မြင်နိုင်သည်။ ထို့အတူ အင်တာနက်လိုင်း အရေအတွက်နှင့် အင်တာနက်သုံးစွဲသူ အရေအတွက်သည်လည်း လူဦးရေနှင့် နှိုင်းယှဉ်ပါက နည်းပါးနေဆဲပင် ဖြစ်သည်။



ဒယ်အိုးပုံသဏ္ဍန် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၃၆၀၀ ကျော်ရှိသည့် မိုးကုတ်မြို့အနေဖြင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးကဏ္ဍ၌ မြန်မာနိုင်ငံအတွင်း နိမ့်ကျသည်ဟု မသတ်မှတ်နိုင်သော်လည်း လူဦးရေနှင့် နှိုင်းယှဉ်လျှင် နည်းပညာကဏ္ဍသည် နိမ့်ကျနေဆဲပင် ဖြစ်သည်။



သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ သင်တန်းများ၊ မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာအပါအဝင် အိုင်စီတီနှင့် စပ်ဆက်သည့် သင်တန်းများ ရှားပါးနေခြင်းနှင့် ဒေသတွင်းလူငယ်များ နည်းပညာကဏ္ဍအပေါ် စိတ်ဝင်စားမှု အားနည်းခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းကွာစေသည် အချက်ပင် ဖြစ်သည်။



လျှစ်စစ်ဓာတ်အား နည်းပါးခြင်းကြောင့် မိုဘိုင်းဖုန်းလိုင်းများ ကျဆင်းသည်ဖြစ်စေ၊ မှီခိုအသုံးပြုရသည့် မိုဘိုင်းအင်တာနက်လိုင်းများ မည်မျှကျဆင်းနေသည်ဖြစ်စေ နည်းပညာကို အသုံးပြုလိုသည့် မိုးကုတ်ဒေသခံများအနေဖြင့် အခြားသော မြို့နယ်များနည်းတူ အလှမ်းဝေးကွာနေသေးသည့် နည်းပညာကို ဆက်သွယ်သုံးစွဲနေဆဲပင် ဖြစ်သည်။



မြင့်ကျော်လှိုင်
Internet Journal