ရေပူစမ်းတွင် အဝတ်လျှော်နေသူများကြောင့် အပန်းဖြေသူများ စိတ်မချမ်းသာဖြစ်နေရဟုဆို

ပို့စ်တင်ချိန် - 1/07/2014 01:30:00 AM


လားရှိုး ၊ ဇန်န၀ါရီ ၆။
လားရှိုးမြို့ရှိ  အထင်ကရ နေရာတစ်ခုဖြစ်သော ရေပူစမ်း အပန်းဖြေ ရေကူးကန်ရှိ အ၀တ်မလျှော်ရ ဆိုင်းဘုတ်အောက်တွင် အ၀တ်လျှော်နေသည်ကို ရေပူစမ်းဝန်ထမ်းများက အရေးမယူခြင်းကြောင့် လာရောက်အပန်းဖြေသူအများ စိချမ်းသာမှုကို အဟန့်အတားဖြစ်နေကြောင်း ကို လာရောက် အပန်းဖြေသူများက ပြောကြသည်။

ရေကူးကန်သို့ ရေလာချိုးသောသူ “ကျွန်တော်တို့က လွတ်လပ်ရေးနေ့ အားလပ်ရက်ဆိုတော့ လာပြီး ရေကူးတာပါ၊ ရေကန်ရောက်တော့ အ၀တ်မလျှော်ရ၊ ဒဏ်ငွေ-၁၅၀၀/-လို့ရေးထားတဲ့ ဆိုင်းဘုတ်အောက်မှာ လာပြီးတော့
အ၀တ်တွေ လျှော်နေတယ်ဗျာ၊ ပြီးတော့ တကယ်ဆို ဒီဘက်မှာက ယောကျာ်းတွေပေါ့၊ ဟိုဖက်ကမ်းက အမျိုးသမီးများ၊ ဒီလိုရှိတဲ့ဟာ ဒီဘက်မှာ လျှော်နေတော့ ရေကူးဖို့အဆင်မပြေဘူးပေါ့ ၊ ၀န်ထမ်းတွေလည်း ဘာလုပ်နေလဲ မသိဘူး၊ ပြီးတော့ အကြံပေးချင်ပါတယ်ဗျာ၊ ဒဏ်ငွေက -၁၅၀၀/- ဆိုတော့ အ၀တ်လျှော်ပြီး ၁၅၀၀
ပေးလိုက်ရင် ရတယ်လို့သဘော ရောက်နေပါတယ်၊ အကြံပြုခြင်ပါတယ် ဆန္ဒကို
သိက္ခာဖြင့် ထိန်းပါတို့ ၊ မဟုတ်ရင်လည်း တစ်သောင်းခွဲလို့ ရေးလိုက်ရင် အဆင်ပြေမယ်ထင်ပါတယ်”ဟု ရေလာကူးသူအမျိုးသား စိုင်းလိတ်က ပြောသည်။

ရေပူစမ်း ရေကူးကန် အပန်းဖြေစခန်းသို့ ရုံးပိတ်အားလပ်ရက်များနှင့် လွတ်လပ်ရေးနေ့တွင် ရေလာချိုးသူ၊ အပန်းဖြေသူ၊ အ၀တ်လာလျှော်သော မိသားစုများစွာ လာရောက်သောနေ့ ဖြစ်ကြောင်း သိရသည်။

“ ဒီအတိုင်းတော့ မကောင်းပါဘူးငါ့မောင်ရယ် ၊ အမတို့က မနက်ကတည်းက လာပြီးတော့ အ၀တ်လျှော်ရင်းနဲ့ အပန်းလာဖြေတာပါ၊ သူတို့တွေက ခုနကမှ လာပြီးတော့ အဲ့ဒီအပေါ် ရေကူးကန် ဘောင်ပေါ်မှာ အ၀တ်လျှော်နေတော့၊
သူတို့ လျှော်ပြီးသား ရေတွေနဲ့ အစ်မတို့က လာပြန်လျှော်နေရသလို ဖြစ်နေတယ်။ ၀န်ထမ်းတွေရဲ့ အမျိုးတွေလားတော့ မသိဘူး၊ စည်းကမ်းကိုမရှိတဲ့ လူတွေ၊ စာလည်းရေးထားပါတယ်၊ ငါ့မောင်ရယ်၊ ဒါဏ်ငွေရိုက်သင့်တယ်” ဟု
အ၀တ်လာရောက်လျှော်သူ အမျိုးသမီးက ပြောသည်။

ရေကန်ထဲမှ အမှိုက်များကိုလည်း ရှင်းလင်းပေးသင့်ကြောင်း ဒီလိုစည်းမရှိ ကမ်းမရှိ အ၀တ်လျှော်နေသူများကိုလည်း ထိရောက်စွာ အရေးယူသင့်ကြောင်း အ၀တ်လှန်းရန် ကြိုးတန်းများကိုလည်း ထားရှိပေးသင့်ကြောင်း ၊ ဒီလိုမျိုးသဘာဝမှ ဖြစ်သော ရေပူကန်များသည် မြို့တိုင်းတွင် မရှိ၍ ရှိသော မြို့ကို လှလှပပဖြင့် စည်စည်ကားကားရှိစေချင်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
စိုးမင်းနိုင်
The Myanma Age