ပရဟိတအသင်းများ၏ ညီညွတ်ရေး ဈေးရောင်းပွဲတော် ကျင်းပမည်

ပို့စ်တင်ချိန် - 1/20/2014 01:07:00 PM


မိုးသူ| ဇန်န၀ါရီ ၂၀ ရက်၊ တနင်္လာနေ့၊ ၂၀၁၄ ခုနှစ်

The Action Times Foundation က ကြီးမှူးကျင်းပသည့် ပထမအကြိမ် ပရဟိတ အသင်းအဖွဲ့များ၏ ညီညွတ်ရေးဈေးရောင်း ပွဲတော်ကို ဇန်န၀ါရီ ၃၁ ရက် နံနက် ၉ နာရီမှ ည ၁၀ နာရီအထိ ပြည်သူ့ရင်ပြင် (ရေပေါ်ဘောလုံးကွင်းနား)တွင် ကျင်းပမည် ဖြစ်သည်။ အဆိုပါ ပရဟိတအသင်း အဖွဲ့များ၏ ညီညွတ်ရေး ဈေးရောင်းပွဲတော်တွင် လက်လှမ်းမီသည့် ပရဟိတအသင်း ၅၀ နှင့်အထက် ပါဝင်မည်ဖြစ်ကြောင်းThe Action Times Foundation မှ အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် ဒီဒီးမစံက မဇ္ဈိမသို့ပြောသည်။

“အခု ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်ကို အဓိကထားပြီး အခြားပြည်နယ်တွေက အနေအထားအမျိုးမျိုးနဲ့ စိတ်ဓာတ်ရေးရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ထိခိုက်ခံစားနေတဲ့ သဘာဝဘေးနှင့် စစ်ဒဏ်သင့်ဒေသများမှာရှိတဲ့ ပြည်သူတွေကို ဖေးမကူညီစောင့်ရှောက်ဖို့ လုပ်လိုက်တာပါ”ဟု ပြောသည်။

ယင်းပွဲတော်တွင် ပရဟိတအဖွဲ့အစည်းများ၏ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်၌ ကြိုက်နှစ်သက်ရာ ကုန်ပစ္စည်းများ၊ အစားအသောက်များနှင့် ပြင်ပကုမ္ပဏီများကလည်း ရောင်းချကြမည်ဖြစ်သည်။ ရရှိသည့်အကျိုး အမြတ်များကို ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် အခြားသောပြည်နယ်များမှ စစ်ဘေးဒုက္ခသည်များနှင့် သဘာဝဘေးဒုက္ခသည်များကို လှူဒါန်းသွားမည် ဖြစ်သည်။

၎င်းညီညွတ်ရေးဈေးရောင်းပွဲတော်အပြင် အခြားသောအစီအစဉ်များဖြစ်သည့် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌက ပရဟိတ နှင့်ပတ်သက်သည့် အတွေ့အကြုံ ဗဟုသုတ ဝေငှခြင်း၊ မိဘမဲ့ကလေးများ၏ စိတ်ခံစား မှုသရုပ်ဖော်၊Dancerများ၊ ပန်းချီ၊ ကဗျာ၊ ကာတွန်းဆရာများ၏Performance၊ မြန်မာ့ ရိုးရာခြင်း အလှ ခတ်ခြင်း၊ နာမည်ကြီး ရုပ်ရှင်၊ ဗီဒီယို၊ ဟာသသရုပ်ဆောင်များ၏ စင်တင် ပြဇာတ်နှင့် ၂၀၁၄ သင်္ကြန် အမြည်း၊ စာပေဟောပြောပွဲနှင့် နာမည်ကြီးတေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများကို ရွှေသံစဉ်တီးဝိုင်း ဖြင့် ဖျော်ဖြေကြမည်ဖြစ်သည်။
Mizzima Burmese