ထော်လာဂျီ၊ တုတ်တုတ်၊ ဂွန်ဒေါင်း၊ ဆိုင်ကယ်တက္ကစီအပေါင်း ဖြည်းဖြည်းမောင်း

ပို့စ်တင်ချိန် - 1/19/2014 05:52:00 PM


မသန်စွမ်းအသင်း၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် နယ်ခရီးစဉ်များကို ထွက်ကြသောအခါ တွေ့ရှိရမြဲလူနာတွေထဲမှာ (Accident) ခေါ်သော မတော်တဆထိခိုက်ဒဏ်ရာများကြောင့် မသန်စွမ်းဖြစ်သွားသူ လူနာများကို အမြဲလိုလို တွေ့ရတတ်ပါသည်။

ကျွန်မတို့ မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း မှော်ဘီ၊ လှည်းကူး၊ မင်္ဂလာဒုံ၊ အုတ်ဖို၊ ဟင်္သာတ၊ ဖျာပုံစသော မြို့နယ်တွေကို ရောက်ရှိခဲ့စဉ်က တွေ့ရှိရသည့် မသန်စွမ်းသူများထဲတွင် ယာဉ်တိုက်မှုကြောင့်ဖြစ်သော မသန်စွမ်းသူဦးရေကလည်း မနည်းလှကြောင်း သတိပြုမိသည်။ အထူးသဖြင့်တော့ လမ်းများကကြမ်းကြမ်း၊ ယာဉ်များက ဖြစ်ကတတ်ဆန်းဟု ပြောရလေမည်လား မသိနိုင်တော့ပါ။
နယ်မြို့များမှာ အသုံးများကြသည်က ထော်လာဂျီ(ခေါ်) လယ်ထွန်စက်ကို နောက်တွဲတပ်ယာဉ်မျိုးလည်းရှိသည်။ ထို့နောက် တုတ်တုတ် (ခေါ်)စက်သံက တုတ်တုတ်-တုတ်တုတ်ဟုမည်သဖြင့် (တုတ်တုတ်)ဟု အမည်ပေးထားသော စီးတော်ယာဉ်မှာတစ်မျိုး။ ထိုယာဉ်မျိုး အိမ်နီးချင်းထိုင်းနိုင်ငံမှာလည်း တော်တော်ခေတ်စားဖူးသည်။ ယခုလည်း သုံးနေကျဆဲဖြစ်သည်။ နောက်ထပ်တစ်မျိုးမှာ ဂွန်ဒေါင်းဟုခေါ်သော တရုတ်နိုင်ငံလုပ် ဂွန်ဒေါင်းတံဆိပ်အင်ဂျင်ကို မြန်မာဖြစ်နောက်ဆွဲဘော်ဒီတပ်ယာဉ်တစ်မျိုး။ ထို့နောက်တွင်တော့ တစ်ယောက်စီး၊ နှစ်ယောက်စီး မော်တော်ဆိုင်ကယ်ကို တရုတ်ပြည်ဖြစ် နောက်တွဲတပ် သုံးဘီးတက္ကစီမှာလည်းတစ်မျိုး။
ထိုစီးတော်ယာဉ်အမျိုးမျိုးမှာ အမှန်စင်စစ် စနစ်တကျတည်ဆောက်ထုတ်လုပ်ထားသော ယာဉ်များ မဟုတ်ကြချေ။ ကမ္ဘာ့ မည်သည့်စံနှုန်းမျှ မ၀င်။ မည်သူမှ အသိအမှတ်မပြု။ (Made in Myanmar)ဆိုကြပါတော့။
မြန်မာတွေ မြန်မာပီပီ၊ မြန်မာ့လိုအပ်ချက်နှင့်အညီ စနစ်မကျသော်လည်း မဖြစ်မနေအသုံးချဖို့ ဖန်တီးထားသော စီးတော်မော်တော်ယာဉ်တွေ ဟင်္သာတမြို့သွား ရန်ကုန်-ဟင်္သာတလမ်းမပေါ်မှာဆိုပါက ဂွန်ဒေါင်းသာလျှင် လမ်းမဘုရင်။ လမ်းမပေါ်မှာ ဂွန်ဒေါင်းယာဉ်တွေ တန်းစီနေတတ်သည်။
ကျေးလက်နေပြည်သူတွေကလည်း ထိုစီးတော်ယာဉ်ဂွန်ဒေါင်းကိုသာ ပါဂျဲရိုး၊ လန်ခရုဆာကဲ့သို့ သဘောထားလျက် စီးနေကြရသည်။ ဂွန်ဒေါင်းမော်တော်ယာဉ်များမှာ ဘတ်စ်ကားအရွယ် ဆိုဒ်အတော်ကြီးသည်။ လူရော။ ကုန်ပါတင်နိုင်သည်။ စက်ခေါင်းပိုင်းက တရုတ်အင်ဂျင်။ အဖုံးအကာပါသည်လည်းရှိသည်၊ မပါသည်လည်းရှိသည်။ အများအားဖြင့် အင်ဂျင်ကို ဖုံးမထားတတ်ကြပါ။ နောက်မှ မြန်မာလုပ်သစ်သားကိုယ်ထည် တွဲဖက်ထားသည်။ သစ်သားဘော်ဒီတင် သိန်းနှစ်ဆယ်ခန့် ကုန်ကြသည်တဲ့။
ဟင်္သာတနယ်သားတို့ပြောကြသည်က ဂွန်ဒေါင်းမောင်းစားသူ ဒရိုင်ဘာများ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးတတ်ကြသည်တဲ့။ ၀င်ငွေကောင်းသဖြင့် အသောက်အစားကလည်းမကင်း။ ဂွန်ဒေါင်းအင်ဂျင်တုန်ခါမှု (Vibration) ဒဏ်ချက်ကလည်း ပြင်းထန်လှ၍ မောင်းသူ အတွင်းကလီစာတွေမခံနိုင်သဖြင့် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးတတ်ကြသည်ဟုဆိုသည်။ ဟုတ်၊ မဟုတ် သုတေသနမရှိ၍ အတိအကျမပြောနိုင်။ ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုကိစ္စမှာ တစ်ပိုင်း တစ်ကဏ္ဍ တွေးတောစဉ်းစားရမည်ဟု ထင်ပါသည်။
ဖျာပုံမြို့မှာတော့ သုံးဘီးဆိုင်ကယ်တက္ကစီများ ခေတ်စားသည်။ မြို့အနှံ့ တွေ့မြင်ရသည်။ မော်တော်ဆိုင်ကယ်ကို တရုတ်ဘော်ဒီတွဲထားသော ယာဉ်တစ်မျိုး။ သေချာသည်က ထိုနယ်ဒေသများတွင် ထိုစနစ်တကျထုတ်လုပ်ကုန်မဟုတ်သော မော်တော်ယာဉ်အတု၊ စီးတော်ယာဉ်များ တိုက်မိခိုက်မိပြီး ထိခိုက်ဒဏ်ရာရှိကြသော ခြေပြတ်၊ လက်ပြတ် ဒဏ်ရာရှင် မသန်စွမ်းသူများကို တွေ့နေရခြင်းပင်။မော်တော်ကားလမ်းများက ကြမ်းကြမ်း။ စီးတော်ယာဉ်များက စနစ်မကျ။
ဟင်္သာတမှာတွေ့ရှိရသော မိန်းကလေးငယ်တစ်ဦးဆိုလျှင် ချောချောလှလှ။ ကလေးနှစ်ယောက်မိခင်။ အသက်အစိတ်သာရှိသေးသည်။ ဂွန်ဒေါင်းတိုက်မိသဖြင့် ခြေထောက်ဖြတ်ထားရသူ။ ကျွန်မတို့နှင့်တွေ့ချိန်မှာ ကျန်ခြေတစ်ဖက်က ကျောက်ပတ်တီးစည်းလျက်ရှိနေဆဲ။ ကျွန်မတို့အသင်းက ကူညီနိုင်သည်မှာလည်း အကန့်အသတ်တွေရှိနေသည်။ ချိုင်းထောက်လိုလျှင် ချိုင်းထောက်ကူညီမည်။ ခြေတုလိုလျှင် ခြေတုရရှိနိုင်ရန် ကူညီမည်။ လတ်လတ်ဆတ်ဆတ် ထိခိုက်ဒဏ်ရာဖြစ်နေသူများအတွက် ဆေးရုံစရိတ်စကမျိုးတော့မကူညီနိုင်။ မြင်ရတွေ့ရ စိတ်မသက်မသာဖြစ်ရတတ်ပါသည်။
ထိုထိုသော နယ်ခရီးစဉ်များ သွားရင်းလာရင်း တွက်ကြည့်မိသည်။ နည်းစနစ်မကျသော မော်တော်ယာဉ်အတုများနှင့် တိုက်မိခိုက်မိခြင်းကြောင့် ဖြစ်နေရသည့် မသန်စွမ်းသူဦးရေအနေဖြင့် မြန်မာပြည်မှာ မည်ရွေ့မည်မျှရှိနေမည်မသိနိုင်ဟုသာ အဖြေရရှိသည်။
ကျွန်မ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ ပင်ဘောကျေးရွာမှာ အလုပ်တာဝန်ထမ်းဆောင်ဖူးပါသည်။ ပင်ဘောကျေးရွာမှ မိုးကောင်းမြို့အထိ ထော်လာဂျီနှင့်သွားခဲ့ရသော ခရီးစဉ်ကိုလည်း သတိရမိတတ်သည်။ ထိုစဉ်က ပင်ဘောရွာမှ မိုးကောင်းမြို့အထိ လစာထုတ်ရက်များမှာ အထက်တန်းကျောင်းအုပ်ကြီး၊ ကျောင်းဆရာ၊ ဆရာမများ၊ ဆရာဝန်-သူနာပြုများ၊ သားဖွားဆရာမများအားလုံးပင် ထော်လာဂျီကို စီးနင်းကာသာ ခရီးသွားကြရသည်။ လမ်းတစ်လျှောက်လုံးလည်း ကျေးရွာငယ်များမှ ၀န်ထမ်းအားလုံးလည်း ထိုထော်လာဂျီကိုသာ အားကိုးတကြီးစီးနင်းကြရသည်။
ကျွန်မမှတ်မိသည်ကတော့ ကျွန်မတို့စီးနင်းရသည့်  ထော်လာဂျီစီးတော်ယာဉ်ကြီးသည် အင်ဂျင်က မကြာခဏ ရေဆူပွက်သဖြင့် ချောင်းတွေ့တိုင်း ရေဆင်း၍ခပ်ကာ ရေထည့်မောင်းနေရခြင်းဖြစ်သည်။ ထိုစဉ်က ကျောင်းဆရာကြီးတစ်ဦးက ဟာသနှောပြောခဲ့သည်ကိုလည်း သတိရနေမိသေးသည်။
““ကျုပ်တို့ နွားကြီးကတော့ ချောင်းတွေ့တိုင်း ရေသောက်နေတာပဲဗျို့””ဟူ၏။
နယ်ဒေသများကို လွှမ်းမိုးထားသော မရှိမဖြစ်သုံးစွဲနေရသည့် စနစ်မကျသော စီးတော်ယာဉ်များကား ခေတ်အတော်နောက်ကျနေရုံမက ထိခိုက်ဒဏ်ရာများ မကြာခဏဖြစ်နေစေပြီး လူအပေါင်းတို့ကို မသန်စွမ်းသူဘ၀သို့ မမျှော်လင့်ဘဲ ရုတ်တရက် ရောက်ရှိသွားစေနိုင်နေသည်က ၀မ်းနည်းစရာ၊ ကြေကွဲစရာ။
မြို့တော်ရန်ကုန်မှာတော့ ဇိမ်ခံကားသစ် ကားကောင်းများ၊ လမ်းမများပေါ်အပြည့်အနှက်။ မည်သည့်နေရာမှာ ကားရပ်နားရမည်ပင် မသိနိုင်တော့။ လက်ရှိအနေအထားမှာပင် မြို့တော်ရန်ကုန်၏ လမ်းမများပေါ်မှာ ကားပင်လယ်ကြီးဖြစ်နေသော်လည်း နောက်ထပ် မော်တော်ယာဉ်တွေသွင်းဦးမည်ဟု ကြားနေရပြန်သည်။
တာဝန်ရှိသူတို့သည် နယ်ဒေသများ၌ အမှန်တကယ်လိုအပ်နေသော စနစ်တကျထုတ်လုပ်သည့် မော်တော်ယာဉ်များကို မသွင်းယူဘဲ ဇိမ်ခံမော်တော်ကားများကိုသာ သွင်းယူနေရင်း မြို့တော်ကို မော်တော်ကားပင်လယ်သမုဒ္ဒရာအဖြစ် ရောက်ရှိစေသည်ကို နားမလည်နိုင်အောင်ဖြစ်ရသည်။
ရန်ကုန်မြို့တော်မှ သူဌေးများကသာ ပါမစ်ကြေးကို ပိုမိုပေးနိုင်၍လေလား။ အမှန်တကယ်လိုအပ်သော ကျေးလက်မှာသုံးစွဲရန် သင့်လျော်သော ထရပ်ကား (Truck car)များကို အဘယ်ကြောင့် မသွင်းလေသနည်း။ တိုင်းပြည်၏ အမှန်တကယ်လိုအပ်ချက်ကို မှန်မှန်ကန်ကန် မမြင်လေရော့သလား။ မမြင်ချင်ယောင်၊ မသိလေဟန်ဆောင်လေရော့သလား။ ကျေးလက်မှလူများက မော်တော်ကားသွင်းခွင့် ပါမစ်ကြေးကို အနည်းငယ်သာ ပေးနိုင်ကြမည်ဖြစ်၍ တွက်ခြေမကိုက်သောကြောင့်လေလား။
သွင်းကုန်ထုတ်ကုန်တာဝန်ရှိသူများ လုပ်စားကိုင်စားစိတ်ဖြင့် မော်တော်ကားများကို တရကြမ်းသွင်းနေကြသည်ဟု သုံးသပ်သူတွေရှိနေသည်။
““လုပ်စားနေတာလေ၊ လုပ်စားနေတာ။ ရှေ့ရေး နောက်ရေး အကျိုးအကြောင်း၊ အဆိုးအကောင်းကို တွက်ခြင်း၊ ချက်ခြင်းမရှိဘဲ ပါမစ်ချ၊ လက်မှတ်ထိုးပြီး လုပ်စားနေတာ””ဟု ဝေဖန်သံတွေ ရှိနေလေ၏။
ဟုတ် ကောင်းဟုတ်မည်။ တိုင်းပြည်၏ အမှန်တကယ်လိုအပ်ချက်နှင့် တလွဲတချော်ဖြစ်နေသည်ကတော့ သေချာသည်။
ကျွန်မတို့ မသန်စွမ်းသူများအသင်းမှာတော့ ရှေ့ခရီးမှာလည်း ထော်လာဂျီ-တုတ်တုတ်- ဂွန်ဒေါင်း-ဆိုင်ကယ်တက္ကစီများ တိုက်မိခိုက်မိပြီး ခြေလက်မသန်စွမ်းဖြစ်ရသူ ကျေးလက်ဒေသပြည်သူတွေကို တွေ့နေ၊ မြင်နေ၊ ကြုံနေရဦးမည်မှာ သေချာသည်။

လမ်းမကောင်းလျှင် ထော်လာဂျီ-တုတ်တုတ်-ဂွန်ဒေါင်း- ဆိုင်ကယ်တက္ကစီအပေါင်း ဖြည်းဖြည်းမောင်းဖို့ တောင်းပန်သည်။ သွင်းကုန်တာဝန်ရှိသူတွေကိုတော့ ကျေးလက်လူထု အမှန်တကယ်လိုအပ်သော မော်တော်ယာဉ်မျိုးကို ဈေးသက်သက်သာသာဖြင့် သွင်းတော်မူကြပါရန် ပြော၍ရချင်မှ ရနိုင်မည်မို့ပါ။
မယ်ငွေဥ
7 Day Daily