မိန်းမလျာသုံးဦး တင်ဆောင်လာသည့်ကားသမား ပိုက်ဆံ တစ်သိန်းကျော် ခါးပိုက်နှိုက် ခိုးယူခံရ

ပို့စ်တင်ချိန် - 1/05/2014 10:45:00 AM


သတင်း၊ ကိုတိုးကြီး ဇန္န၀ါရီ ၃

စစ်ကိုင်းမြို့၊ ပြူကံကျေးရွာအနီး မုံရွာ - မန္တလေးကားလမ်းမကြီးတွင် မိန်းမလျာသုံးဦးအား ကားရှေ့ခန်းအတွင်း တင်ဆောင် ခေါ်လာခဲ့ရာမှ ယာဉ်မောင်းသူ၏ ပိုက်ဆံအိတ်အတွင်းရှိ ပိုက်ဆံ တစ်သိန်းကျော်အား ခိုးယူအနှိုက်ခံရသည့်အတွက် ယခုလ ၂ ရက်နေ့ ညနေ ၃ နာရီက မိန်းမလျာသုံးဦးကို စစ်ကိုင်းမြို့မရဲစခန်းက အမှုဖွင့် အရေးယူလိုက်ကြောင်း တာဝန်ကျ ရဲတပ်ဖွဲ့ ၀င် တစ်ဦးထံ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာနေ ကိုသူ အသက်(၂၆)နှစ် ဆိုသူနှင့် မောင်ကောင်း ဆိုသူ လူနှစ်ဦးမောင်းနှင်လာသည့် ဒိုင်နာခါးရှည် ယာဉ်တစ်စီးသည် ယခုလ ၁ ရက်နေ့ ည ၇ နာရီခွဲ အချိန်ခန့်က စစ်ကိုင်းမြို့ ရွှေသမား ဓမ္မာရုံအနီးတွင် လမ်းဘေးရှိ မိန်းကလေးများဟု ယူဆရသူ မိန်းမလျာသုံးဦးအား ကားရှေ့ခန်း၌ တင်ဆောင်၍ ခေါ် လာခဲ့ရာ ထိုသူသုံးဦးမှ ပြူကံကျေးရွာအနီး အရောက်တွင် ကားအားရပ်တန့်ခိုင်းစေပြီး ဆင်းသွားခဲ့သည်ဟု ယာဉ်နောက် လိုက်ဖြစ်သူက အမှုစစ်ရဲအရာရှိထံ ထွက်ဆိုပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ မိန်းမလျာ သုံးဦးကားပေါ်မှ ဆင်သွားခဲ့ပြီးနောက် ယာဉ်နောက်လိုက် ကိုသူမှ ကားရှေ့ခန်း ဒက်စဘုတ်ပေါ်ရှိ လမ်းစ ရိတ်ငွေများထည့်ထားသည့် ပိုက်ဆံအိတ်အား ဖွင့်ကြည့်ရာ ပိုက်ဆံ တစ်သိန်း၊ တစ်သောင်း၊ ငါးထောင်ကျပ်မှာ ပျောက်ဆုံး သွားကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်။
ထို့နောက် မိန်းမလျာသုံးဦး ကားပေါ်မှဆင်းသွားသည့် နေရာသို့ နောက်ကြောင်းပြန်၍ ကားသမားက လိုက်ခဲ့ရာ မိန်းမလျာ သုံးဦးအနက် နှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး မျိုးကိုဦး(ခေါ်) မိုးမိုးစံငွါ (ခေါ်) အငယ်လေး အသက်(၁၉)နှစ်၊ ဒိုင်နော် ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေ ဆိုသူအား တွေ့ရှိရသဖြင့် ရဲစခန်းတွင် ကားသမား ကိုသူက တိုင်တန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုင်တန်းချက်အား စစ်ကိုင်းမြို့မရဲစခန်းက (ပ) ၁၁/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၉ အရ အမှုဖွင့် အရေးယူခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

Credit To :ကိုတိုး ချင်းတွင်း
Putao Media