သီပေါအကျဉ်းထောင်မှ အကျဉ်းသားများလွတ်မြောက်

ပို့စ်တင်ချိန် - 1/05/2014 10:15:00 AM


သီပေါ၊ ဇန်နဝါရီ ၄။
နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် သီပေါအကျဉ်းထောင်မှ အကျဉ်းသား (၇၇)ဦးအား ဇန်န၀ါရီလ (၃)ရက်နေ့ နေ့လည်(၁)နာရီအချိန်တွင် လွတ်မြောက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါအကျဉ်းသားများမှာနိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် (၁/၂၀၁၄) ဖြင့်ပြစ်ဒဏ်၏  လေးပုံတစ်ပုံ သက်သာခွင့်ဖြင့် လွတ်မြောက်ခဲ့ကြခြင်းဖြစ်ကြောင်း သီပေါအကျဉ်းဦးစီးဌာနမှ သိရှိရသည်။
” သီပေါမှာကအလုပ်စခန်းမရှိတော့ အကျဉ်းထောင်ကလွတ်တဲ့သူတွေကို လမ်းစရိတ် (၁)ထောင်စီပဲ ပေးနိုင်ပါတယ်၊ ကျန်တာကတော့ကိုယ့်အစီအစဉ်နဲ့ကို ပြန်ဖို့ပါပဲ” ဟု အကျဉ်းထောင်အရာရှိမှ ပြောသည်။ လွတ်မြောက်လာသူများတွင်မူးယစ်ဆေးဝါးနှင့် ပတ်သတ်၍ ထောင်ဒဏ်ကျခံရသူများ အများအပြားပါဝင်လာကြောင်း သိရှိရသည်။ ထိုသို့အကျဉ်းသားများလွတ်မြောက်မှုမှာ သီပေါအကျဉ်းထောင်တွင် အခမ်းအနားအစီအစဉ်ဖြင့် ပြုလုပ်ခဲ့ပြီး သီပေါမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အကျဉ်းထောင် ဦးစီးမှူး တို့မှ ဆုံးမသြ၀ါဒ စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
”လွတ်မယ်ဆိုတာကို ကြိုတင်သိမထားတော့ အိမ်ကိုလည်း အကြောင်းမကြားနိုင်ဘူး၊ အခု ထောင်ကပေးတဲ့ ငွေနဲ့ပဲ အိမ်ကိုဖုန်းဆက်ပြီး ပြန်ဖို့ စရိတ်လှမ်းမှာရမှာ၊ ဒီလိုလွတ်မြောက်ပေးတာကိုပဲ ကျေးဇူးတင်လှပါတယ်” ဟု သိန္နီမြို့မှ မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ဒဏ်ကျခံနေရာမှ လွတ်မြောက်လာသူ အကျဉ်းသား တစ်ဦးမှ ပြောသည်။ လွတ်မြောက်လာသူအချို့မှာ နှစ်ကြီးသမားများဖြစ်ပြီး အချို့မှာ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့် အကြိမ်ကြိမ်ရရှိခဲ့ကာ ယခုလွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်မြောက်လာကြသူများ ဖြစ်ကြောင်း သိရှိရသည်။

စိုင်းကံသာ (လားရှိုး)
The Myanma Age