ထိုင်ဝမ်ဆရာဝန်များ ဧရာဝတီတိုင်းကိုသွား

ပို့စ်တင်ချိန် - 1/28/2014 04:10:00 PM


 မြောက်အမေရိကအခြေစိုက် ထိုင်ဝမ်ဆရာဝန်တွေဟာ မကြာသေးခင်က  ဧရာဝတီတိုင်းဒေသကြီးကို သွားရောက်ကာ ပုသိမ်၊ ငပုတော၊ သာပေါင်းနဲ့ ကန်ကြီးထောင့်မြို့နယ်က လူနာပေါင်း ၂,၅ဝဝ ကျော်နဲ့ တွေ့ဆုံပြီး အခမဲ့ ကုသပေးခဲ့ပါတယ်။

သူတို့ကတော့ မြောက်အမေရိကရောက် ထိုင်ဝမ်ဆရာဝန်အသင်းကဖြစ်ပြီး  သူတို့ရဲ့ ကုသမှုအစီအစဉ်ကို
ဒီလ ၁၆ ရက်နေ့ကစပြီး  ၅ ရက်ကြာ  တွေ့ခဲ့ရမှာပါ။

  ဒါဟာ နိုင်ငံခြားဆရာဝန်အဖွဲ့တခု ဧရာဝတီတိုင်းမှာ အချိန်အကြာဆုံးနဲ့ လူနာအများဆုံးကို အခမဲ့ ကုသပေးခြင်းလည်း ဖြစ်ပါတယ်။

အဓိကကုပေးတာကတော့ အထွေထွေရောဂါ၊ သွား၊ တရုတ်အပ်စိုက်နဲ့ အကိုက်အခဲရောဂါတွေပါ။  လိုအပ်တဲ့ဆေးဝါးအသုံးအဆောင်တွေကိုလည်း အခမဲ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

ဒီအဖွဲ့ မြစ်ဝကျွန်းပေါ်ဒေသရောက်လာအောင် ဦးဆောင်ခေါ်လာသူကတော့ အမေရိကန်ပြည်ထောင်စုမှ အခြေချနေထိုင်တဲ့ ဦးစိန်သန်း ဖြစ်ပါတယ်။

“သူတို့က မြန်မာပြည်မှာ အခမဲ့ဆေးကုပေးချင်တယ်ဆိုပြီး ကျနော့်ကို ဆက်သွယ်တဲ့အတွက် ပုသိမ်ကိုလာနိုင်အောင် ကျနော်က ဆက်သွယ်ကူညီပေးတာပါ။
မြန်မာနိုင်ငံကို ရောက်ချိန်မှာ ဧရာဝတီတိုင်းကို ပထမဦးဆုံးလာတာပါ”

တရုတ်နွယ်ဖွား  ဦးစိန်သန်း မြောက်အမေရိကကို ရောက်နေတာ  ၄၂ နှစ်ရှိပါပြီ။ ဒီခရီးစဉ်မှာ သူက ဧရာဝတီတိုင်းကို ဘာကြောင့်ရွေးချယ်ခဲ့တာလဲ??

“ကျနော်က ပုသိမ်သားဖြစ်တဲ့အတွက် ကိုယ့်ဒေသကလူတွေကို ပြန်ပြီးကူညီနိုင်အောင် အခုလို စီစဉ်ဖြစ်တာပါ။ ကိုယ်ဒေသကို အခုလိုပြန်လာပြီး ကူညီပေးနိုင်တာလည်း အရမ်းပီတိဖြစ်ပါတယ်”

 ဆရာဝန် ၁၃ ဦးအပါအ၀င် အဖွဲ့ဝင် ၂၂ ဦး ပါဝင်တဲ့ သူတို့အဖွဲ့ကို ဧရာဝတီတိုင်းအစိုးရအဖွဲ့က လိုအပ်တာတွေကူညီပေးတယ်၊
  တရားဝင်မဖွင့်လှစ်ရသေးတဲ့ အရေးပေါ်ခွဲစိတ်ကုသဆောင်အသစ်မှာ ကုသမှုပေးနိုင်ဖို့ စီစဉ်ပေးခဲ့ကြောင်း သိရပါတယ်။


 ကုသမှုရယူဖို့ တိုးဝှေ့ပြီး တန်းစီ နေကြတာကိုလည်း တွေ့ခဲ့ရပါတယ်။

ဦးစိန်သန်းက ဆရာဝန်တွေကို ထပ်ပြီး ခေါ်လာဦးမယ်၊ မြန်မာပြည်ဖွားတွေကို စုစည်း ခေါ်ဆောင်လာမယ်လို့ ဆိုပါတယ်။

“အမေရိကားမှာရောက်နေတဲ့ မြန်မာဆရာဝန် အငြိမ်းစားတွေရှိတယ်။ သူတို့လည်း ကိုယ့်တိုင်းပြည်ကို ပြန်လာပြီး လုပ်ပေးချင်တဲ့စိတ်တွေရှိတယ်။
ကျနော်ပြန်သွားရင် မြန်မာပြည်ကထွက်သွားတဲ့ဆရာဝန်တွေ စုစည်းပြီး တခေါက်ပြန်လာနိုင်အောင် ကြိုးစားပါ့မယ်။ အထူးသဖြင့်တော့ ကျေးရွာလေးတွေ မြို့လေးတွေက လိုအပ်နေတဲ့လူတွေကို ကူညီပေးချင်ပါတယ်”

အာရှက ပညာရှင်တွေ၊ ဆရာဝန်တွေဟာ အမေရိကန်၊ ကနေဒါ စတဲ့ မြောက်အမေရိကဒေသမှာ အခြေချနေထိုင်နေကြတာ အများအပြား ရှိပါတယ်။
 ဦးစိန်သန်း ပြောသလိုပဲ   အဲဒီ အာရှဖွားဆရာဝန်များထဲမှာ မြန်မာပြည်ကထွက်သွားသူ အများအပြား ပါဝင်နေပါတယ်။







(ဓာတ်ပုံများ - ဆလိုင်းသန့်စင်/ဧရာဝတီ)

ဆလိုင်းသန့်စင်
Irrawaddy ဧရာဝတီ သတင်း