အစိုးရအာဘော်သတင်းစာကို ခပ်ကြီးကြီးထုတ်မယ်

ပို့စ်တင်ချိန် - 1/08/2014 08:00:00 PM


အစိုးရအာဘော်သတင်းစာဖတ်နေသူတဦး (ဓာတ်ပုံ - Simon Roughneen / The Irrawaddy)

အစိုးရအာဘော်သတင်းစာ The New Light of Myanmar ကို မကြာခင် ဆိုက်ကြီးပုံစံပြောင်းပါတော့မယ်။

ခန့်မှန်းချေ လာမယ့် မတ်လဆန်းမှာ ဖြစ်ပါလိမ့်မယ်လို့  အယ်ဒီတာချုပ် ဦးသန်းမြင့်ထွန်းက ဧရာဝတီသတင်းဌာနကို ပြောပါတယ်။

လက်ရှိသတင်းစာအရွယ်ထက် ပိုကြီးပါလိမ့်မယ်။ သတင်းတွေ ပိုပြီး စုံပါလိမ့်မယ် တဲ့။

ပြီးခဲ့တဲ့နှစ်ကတော့ သတင်းစာ ပုံစံ အပြောင်းအလဲကို ဆီးဂိမ်းကာလမှာ လုပ်ကြဖို့ အစီအစဉ်ရှိကြောင်း သတင်းစာမှာလုပ်ကိုင်နေတဲ့ အရာရှိတွေ၊ အစိုးရဝန်ကြီးတွေက ပြောပါတယ်။

အခုတော့ အသွင်ပြောင်းမယ့်အချိန်ကို နောက်ဆုတ်လိုက်ပါပြီ။ မြန်မာပြည်မှာ အာဆီယံထိပ်သီးဆွေးနွေးပွဲကာလရောက်မှ ပြောင်းပါတော့မယ်။

The New Light of Myanmar  အတွက် စက်ပိုင်းဆိုင်ရာအကူအညီကို မကြာသေးခင်ကပဲ ကျိုဒိုသတင်းဌာနကနေ ရရှိထားတယ်လို့
အယ်ဒီတာချုပ် ဦးသန်းမြင့်ထွန်းက ပြောပါတယ်။

ကျိုဒိုက The New Light of Myanmar ဝန်ထမ်းတွေကို ပုံနှိပ်ပိုင်းဆိုင်ရာနည်းပညာတွေပေးတာဖြစ်တယ်၊ ငွေကြေးအကူအညီမဟုတ်ပါဘူး တဲ့။

မနှစ်က ဝန်ထမ်းနှစ်ယောက် ဂျပန်သွားပြီး ကျိုဒိုသတင်းဌာနမှာ စာနယ်ဇင်းပညာ သင်ယူခဲ့တယ်လို့ ဆိုတယ်။

သတင်းသမားတွေ  ထပ်ခန့်ဖို့ရှိတယ်၊ အင်္ဂလိပ်စကားပြောနိုင်ငံခြားသားတွေကိုလည်း စာတည်းအဖြစ် ခန့်ဖို့ ရှိပါတယ် တဲ့။

ဧရာဝတီ သတင်း