ထိုင်းရှိ ဆန္ဒပြမှုများ၊ လူစုရုံး ချီတက်ခြင်းများတွင် မပါဝင်ရန် ထိုင်းရောက်မြန်မာများအား အသိပေး

ပို့စ်တင်ချိန် - 1/08/2014 10:06:00 AM

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တစ်မြို့လုံးကို ပိတ်ဆို့အောင် ပြုလုပ်ဆန္ဒပြကြမည့် Bangkok Shutdown ဆန္ဒပြ လှုပ်ရှားမှုများတွင် လည်းကောင်း၊ အဆိုပါနေ့ ရက်မတိုင်မီ ရှေ့ပြေးပြုလုပ်ကြမည့် နိုင်ငံရေးနှင့် ပတ်သက်သည့် လူစုလူဝေး ပြုလုပ်ခြင်းများ၊ ဆန္ဒပြမှုများနှင့် လူစုရုံး ချီတက်ခြင်းများတွင် ပါဝင်ပတ်သက်ခြင်း မပြုလုပ်ရန် ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာများအား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ဇန်န၀ါရီ ၆ ရက် ရက်စွဲဖြင့် အသိပေး နှိုးဆော်ထားသည်။

ထို့အပြင် မြန်မာများအနေဖြင့် အဆိုပါ နေရာများကိုလည်း ရှောင်ရှားကြပြီး မိမိတို့၏ လုံခြုံရေးကို အထူးဂရုစိုက်ကြရန်နှင့် ဆန္ဒပြ လူစုလူဝေးပြုလုပ်သည့် နေရာဒေသများကို သိရှိနိုင်ရန်အတွက်လည်း ဒေသဆိုင်ရာ သတင်းမီဒီယာများအား မပြတ်လေ့လာကြရန်လည်း နှိုးဆော်ထားသည်။

ထိုင်းနိုင်ငံရောက် မြန်မာများအနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရေး ကောင်းမွန်မှု အခြေအနေများကို ထိန်းသိမ်းနိုင်ရေးအတွက် လည်းကောင်း၊ လုံခြုံရေးအတွက် လည်းကောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး ပျက်ပြားစေမည့် အပြုအမူများကို ရှောင်ရှားနိုင်ကြရန် ယင်းကဲ့သို့ နှိုးဆော်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ၂၀၁၃ ခုနှစ်နှောင်းပိုင်း ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ပါလီမန်ကို ဖျက်သိမ်းခဲ့ပြီးနောက် ၀န်ကြီးချုပ်ယင်လပ်က ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားပြီး ၀န်ကြီးချုပ်ယင်လပ် နုတ်ထွက်ပေးရန်နှင့် ရွေးကောက်ပွဲကို သပိတ်မှောက်သူများက ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

eleven media group