တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာများ အမှန်တကယ်လိုအပ်နေသည့် ပြည်သူများထံ ရောက်ရှိမှသာ ၂၀၁၅ အလွန်တွင် အိမ်ခြံမြေဈေးနှုန်း တည်ငြိမ်မည်

ပို့စ်တင်ချိန် - 1/29/2014 10:18:00 AM

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဧရာဝဏ်တန်ဖိုးနည်းအိမ်ရာစီမံကိန်း ဆောက်လုပ်ရေးလုပ်ငန်းခွင်အား ၂၀၁၃ ခုနှစ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)

တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာများကို အမှန်တကယ် လိုအပ်နေသည့် ပြည်သူများထံ ရောက်ရှိမှသာ ၂၀၁၅ အလွန်တွင် အိမ်ခြံမြေဈေးနှုန်း တည်ငြိမ်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောကြားခဲ့သည်။

ဇန်န၀ါရီ ၂၇ ရက်တွင်ပြုလုပ်သည့် မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်း အလုပ်အမှုဆောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ပွဲနှင့် အသင်းသားစုံညီ အစည်းအဝေးတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“အိမ်ခြံမြေဈေးနှုန်း ကျချင်တယ်ဆိုရင် ၀ယ်အားနဲ့ရောင်းအားမှာ ၀ယ်လိုအားများနေတာကို ရောင်းလိုအားများလာအောင် လုပ်ပေးရမယ်။ ဥပမာဆိုရင် အိမ်ရာတွေတည် ဆောက်ထားတဲ့ ဒဂုံဆိပ်ကမ်း၊ မြောက်ဒဂုံ၊ သန်လျင်၊ တောင်ဒဂုံ၊ မင်္ဂလာဒုံ၊ ဒလ အဲဒီမှာ ဖော်ထုတ်ထားတဲ့ အိမ်ရာတွေကို လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ အခြေခံအဆောက်အအုံနှင့် အလုံးစုံဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးဖို့က နိုင်ငံတော်အစိုးရမှာ တာဝန်ရှိတယ်။ အဲဒါကို လုပ်ပေးခြင်းအားဖြင့် ရောင်းအားများလာပြီး အဲဒီလိုများလာရင် ၀ယ်လိုအားကို ဖြေရှင်းနိုင်မယ့် အတွက်ကြောင့်မို့ နိုင်ငံတော်က လုပ်ပေးနိုင်မယ်ဆိုရင် အိမ်ခြံမြေဈေးနှုန်းက ၂၀၁၅ အလွန်မှာ တည်ငြိမ်ပြီးတော့ တကယ်ဖြစ်သင့်တဲ့ ဈေးနှုန်းကို ရောက်ရှိသွားမယ်လို့ မျှော်လင့်ပါတယ်” ဟု ယင်းကပြောကြားသည်။

အိမ်၊ ခြံ၊ မြေဈေးနှုန်းများ ကြီးမြင့်နေမှုနှင့် ပတ်သက်၍ “အိမ်၊ ခြံ၊ မြေဈေးနှုန်းမြင့်တာကို ချက်ချင်းထိန်းလို့ မရသေးဘူး။ အခုက အခွန်နဲ့ထိန်းတာဖြစ်တယ်။ အခွန်နဲ့ထိန်းတာ မရပြန်တော့ ဘယ်နှနှစ်အတွင်းမှာ ဂရန်အမည်မပေါက်ရင် ဒဏ်ဆောင်ရမယ်ဆိုပြီးလုပ်ရင် ဈေးငြိမ်သွားမယ်။ ဥပဒေနဲ့ထိန်းရင် မလိုက်နာလို့မရဘူး” ဟု master real estate မှ ဦးခင်မောင်တင့်ကဆိုသည်။

ယခုလက်ရှိတွင် ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ရတနာနှင့် ဧရာဝဏ် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများ ဆောက်လုပ်လျက်ရှိပြီး ၂၀၁၅ ခုနှစ်မတိုင်မီ ပြီးစီးရန် ဆောင်ရွက်နေကာ အခန်းတစ်ခန်း၏ ဈေးနှုန်းမှာ ပေါက်ဈေးကျပ်သိန်း ၂၀၀ ကျော်ရှိနေကြောင်း၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းနှင့် ကျန်စစ်မင်းတန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို မကြာမီ စတင်ရောင်းချမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိကာ ကျပ်သိန်း ၁၂၀ ၀န်းကျင်အထိရှိကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဗိုလ်မှူးဗထူး တန်ဖိုးမျှတအိမ်ရာ စီမံကိန်းဖြစ်သည့် ဒဂုံမြောက်ပိုင်းတွင် အခန်းဈေးနှုန်းမှာ အရစ်ကျဝယ်ယူပါက အနည်းဆုံး ကျပ် ၂၃၇ သိန်းမှ အများဆုံး ကျပ် ၃၂၉ သိန်းအထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေအရ ပြည်သူတို့ အိမ်ရာပိုင်ဆိုင်မှုလိုအပ်ချက် မြင့်မားနေခြင်း၊ ရှိရင်းစွဲအိမ်ရာတန်ဖိုးများ မြင့်တက်ခြင်းကြောင့် အခြေခံလူတန်းစားများအနေဖြင့် ကိုယ်ပိုင်အိမ်ရာပိုင်ဆိုင်ခွင့် ရရေးအတွက် များစွာအလှမ်းဝေးနေဆဲဖြစ်ကြောင်း ပြည်သူများက ပြောဆိုဝေဖန်ခြင်းများ ရှိနေသည်။

eleven media group