ခိုးမှုပြစ်ချက်ဟောင်းရှိသူအား မသင်္ကာဖမ်းဆီးစစ်ဆေးရာမှ ဆိုင်ကယ်(၁၅)စီးခိုးမှုပေါ်

ပို့စ်တင်ချိန် - 1/23/2014 06:37:00 PM



ရန်ကုန်၊ ဇန်န၀ါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည် ခိုးမှုဖောက်ထွင်းမှုများမှ တရားခံများဖမ်းဆီးရမိရေးအတွက်သတင်းစုံစမ်းစဉ် ၁၁.၁.၂၀၁၄ရက်နေ့ ၁၆၀၀အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ ဧရာလမ်းမပေါ်၌ KENBO အမျိုးအစားဆိုင်ကယ်(၁)စီးဖြင့် မသင်္ကာဖွယ်တွေ့ရှိသည့် ခိုးမှုပြစ်ချက်ဟောင်းများရှိသူ သန်းရွှေဝင်း (ဘ)ဦးသန်းဝင်း၊ (ဈ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်နေသူအား စစ်ဆေးခဲ့ရာ ၎င်းသည် ညီဖြစ်သူအောင်အောင်(ခ)ဇော်ဝင်းအောင် (ဘ)ဦးသန်းဝင်း၊ တစ်ရပ်ကွက်တည်းနေ ညီဘုန်းထက်(ဘ)ဦးမြသိန်း တို့နှင့်အတူမြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်အတွင်းမှ ခိုးယူလာခဲ့သော ဆိုင်ကယ်ဖြစ်ကြောင်းပေါ်ပေါက်ခဲ့သဖြင့်
မြောက်ဥက္ကလာပမြို့မရဲစခန်း (ပ)၃၄/၂၀၁၄၊ ပုဒ်မ ၃၇၉/၅၄ ဖြင့် အမှုဖွင့်ကာ ၎င်းတို့(၃)ဦးအားဖမ်းဆီးပြီး အသေးစိတ်စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးရာ အောင်အောင်(ခ)ဇော်ဝင်းအောင်နှင့်ညီဘုန်းထက်တို့
(၂)ဦးသည် ၂၀၁၃ခုနှစ် ဒီဇင်ဘာလအတွင်းက မြောက်ဥက္ကလာပမြို့နယ် အတွင်းမှ ဆိုင်ကယ်(၅)စီး၊ မင်္ဂလာဒုံမြို့နယ်အတွင်းမှ ဆိုင်ကယ်(၈)စီး ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းမှ ဆိုင်ကယ်(၁)စီး၊ စုစုပေါင်းဆိုင်ကယ် (၁၄)စီးတို့အား ခိုးယူရောင်းချထားကြောင်း ထပ်မံပေါ်ပေါက်သဖြင့် သက်ဆိုင်ရာမြို့နယ်ရဲစခန်း အသီးသီးတွင် အမှုများဖွင့်လှစ်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police