ဒဂုံငမိုးရိပ်တံတားအနီး ဂက်စ်လိုင်းပေါက်ရာမှ မီးလောင်ကျွမ်းမှုဖြစ်

ပို့စ်တင်ချိန် - 1/06/2014 04:50:00 PM


ရန်ကုန်၊ မဇ္ဈိမ ။ ။ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ငမိုးရိပ်တံတား (သင်္ကန်းကျွန်း) အဆင်း အမှတ် ၂ လမ်းမကြီးဘေးရှိ ချမ်းသာကွန်ကရစ် ကုမ္ပဏီအနီးတွင် ဂက်စ်ပိုက်လိုင်းပေါက်၍ ဇန်နဝါရီ ၅ရက် ည ၁၁ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

"မီးတောက်နေတဲ့ ဘေးမှာ ထရန်စဖောင်မာရှိတယ်။ ဖောက်ဆိုတဲ့ အသံကြားတယ်။ မီးသတ်ကားတွေ လာတာ နောက်ကျတယ်။ အဲဒီနားမှာ ရေကလည်းမရှိဘူး။ သဲကလည်း မရှိဘူး။ ပြည်သူအနေအနဲ့ ကြည့်ရုံသက်သက်ပဲရှိတယ်။ မီးလောင်မှုဖြစ်ရင် အနီးရှိလူတွေက ဖုန်းဆက်ပါ။ မီးလောင်တဲ့ နေရာမှာဘိလပ်မြေစက်ရုံတစ်ခုပဲရှိတယ်။ အိမ်ခြေစိပ်တဲ့ နေရာမှာဆို စိုးရိမ်ရတယ်" ဟု မီးလောင်မှုကို ရဲစခန်းသို့ အကြောင်းကြားခဲ့သည့် ပြည်သူတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းမှုသည် ဂက်စ်ပိုက်လိုင်း ယိုစိမ့်ကာ ဂက်စ်များပျံ့နှံ့နေစဉ် လမ်းသွားလမ်းလာတစ်ဦး၏ ပေါ့ဆမီးကြောင့် မီးလောင်မှု စတင်ဖြစ်ပွားရခြင်းကြောင်း မီးသတ်ဦးစီးဌာနက တာဝန်ရှိသူက ခန့်မှန်းပြောဆိုသည်။ မီးလောင်မှုကြောင့် 185mm ကေဘယ်ကြိုးနှင့် 5mခန့်ကြိုး နှစ်ချောင်း မီးလောင်ခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးမှာ ငါးသိန်းဖိုးခန့်ရှိသည်ဟု မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

ယင်းမီးလောင်မှုကို ငြှိမ်းသတ်ရန် မီးသတ်ယာဉ် ၂၃ စီး၊ မီးသတ်စက်ယာဉ် ၂ စီး၊ အထောက်အကူပြုယာဉ် ၄ စီး၊ ကွက်ကဲမှုယာဉ် သုံးစီး၊ သန္ဒေမီးသတ်တပ်ဖွဲ့ဝင် ၁၆၂ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၆၂ ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၆၀ ဦး တို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ရာ ဇန်န၀ါရီ ၆ရက် နံနက် ၁နာရီတွင် မီးငြိမ်းသွားခြင်း ဖြစ်သည်ဟု ဆိုသည်။ မီးငြိမ်းသတ်ရာတွင် ရေဂါလန် ၁၇၂၅၀၀၊ Foam ဆေးရည်ဂါလန် ၃၀ အသုံးပြုခဲ့သည်။

အဆိုပါမီးလောင်မှု ဖြစ်စဉ်တွင် အရေးယူခံရသူမရှိဟု ဆိုသည်။

Written by နန်းမြင့်
Mizzima Burmese