မြစ်ဆုံဆက်လုပ်မလုပ်ဖြေဆိုနိုင်သူမှာ သမ္မတဦးသိန်းစိန်သာဖြစ်ဟု ဒေါ်စုပြော

ပို့စ်တင်ချိန် - 1/20/2014 01:07:00 PM


စုမြတ်ဝေ| ဇန်န၀ါရီ ၂၀ ရက်၊ တနင်္လာနေ့၊ ၂၀၁၄ ခုနှစ်

ဧရာဝတီမြစ်ဆုံ ဆည်စီမံကိန်းကို ပြန်လည်စတင်မည်ဆိုလျှင် မည်သည့် ပြဿနာတက်နိုင်မည်နည်း ဆိုသည့် မေးခွန်းကို ဖြေဆိုနိုင်သည်မှာ သမ္မတ ဦးသိန်းစိန်သာဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ကရင်ပြည်နယ်ခရီးစဉ်အတွင်း သံဃာတော်တစ်ပါး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ၌ ပြောဆို လိုက်သည်။

ဇန်န၀ါရီ ၁၉ ရက်တွင် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကပ္ပလီကျေးရွာ၌ လူထုတွေ့ဆုံဟော ပြောပွဲပြုလုပ်အပြီး သံဃာတစ်ပါးက “မြစ်ဆုံကိစ္စနှင့် ပတ်သက်၍ စီမံကိန်းပြန်လည် စတင်မည်လား၊ ပြန် လည်စတင်လျှင် မည်သည့်ပြဿနာများ ဖြစ်လာနိုင်မည်နည်း” ဆိုသည့် မေးခွန်း မေးမြန်းရာ ဒေါ်အောင် ဆန်းစုကြည်က အထက်ပါအတိုင်း ပြန်လည်လျှောက်ထားလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် မြစ်ဆုံကိစ္စကို သဘောတူညီခဲ့သည်မှာ ယခင်အစိုးရဖြစ်ပြီး အဆိုပါစီမံကိန်းကို ငါးနှစ် ဆိုင်းငံ့ခဲ့သူ သည် ယခင်အစိုးရတွင် ပါဝင်ခဲ့သော လက်ရှိသမ္မတ ဦးသိန်းစိန်ဖြစ်သည့်အတွက် ယင်း မေးခွန်းသည် သမ္မတဦးသိန်းစိန်ကို မေးရမည်ဟု ဆိုသည်။

“ဒီမေးခွန်းဟာ ဦးသိန်းစိန်ကို မေးရမယ့် မေးခွန်းပါ။ ဘယ်လို သဘောတူညီချက်တွေနဲ့ ဒီမြစ်ဆုံကိစ္စကို စခဲ့သလဲ၊ နောင်ကျရင် ဘယ်လိုဆက်ပြီးတော့ လုပ်ဖို့ရာ အကြောင်းများရှိသလဲ၊ နောက်ပြီးတော့ ဘယ်လို သဘောတူညီချက်တွေ လုပ်ထားလို့ အခုလိုပြန်ပြီးတော့ လုပ်မယ်ဆိုရင် ဘာပြဿနာ တက်နိုင်သလဲဆို တာ ဒီမေးခွန်းကို ဖြေနိုင်တာကတော့ ဦးသိန်းစိန်ပဲ ဖြစ်ပါတယ်”ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဧရာဝတီမြစ် စတင်စီးဆင်းရာ မေခ နှင့် မလိခမြစ်တို့ ပေါင်းဆုံရာနေရာတွင် ရေအားလျှပ်စစ်စီမံကိန်း ဆောင်ရွက်ရန် တရုတ်နိုင်ငံ CPI ကုမ္ပဏီနှင့် ယခင်အစိုးရတို့ စာချုပ်ချုပ်ဆိုထားသည်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခေတ်ဦးတွင် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ၎င်း တာဝန်ယူသည့် ၂၀၁၁-၂၀၁၅ ခုနှစ်အတွင်း အဆိုပါစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရန်ဆုံးဖြတ် ခဲ့သည်။
Mizzima Burmese