ဂျော့ဘုရင်ထံပေးပို့ခဲ့သောအလောင်းမင်းတရား၏ ရွှေသဝဏ်လွှာပုံစံတူ အမျိုးသားပြတိုက်သို့ပြန်လှူမည်

ပို့စ်တင်ချိန် - 1/23/2014 02:42:00 PM



23.1.2014

ကုန်းဘောင်မင်းဆက်ကိုတည်ထောင်ခဲ့သည့် အလောင်းမင်း တရားထံမှ ဗြိတိန်အင်ပါယာဘုရင်ဂျော့(၂)ထံသို့ပေးပို့ခဲ့သည့် ရွှေဖြင့်ပြုလုပ်ထားသော သဝဏ်လွှာကို ဂျာမနီနိုင်ငံ ဟန်နိုဗာမြို့ရှိ တော်ဝင်စာကြည့်တိုက်တွင် ထိန်းသိမ်းထားရာ ပုံတူပြုလုပ်ပြီး မြန်မာနိုင်ငံအမျိုးသားပြတိုက်
သို့လှူဒါန်းသွားမည်ဟု ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာနက
အတည်ပြုခဲ့သည်ဟု Deutchland ဝက်ဘ်ဆိုက်တွင် ယနေ့ဖော်ပြသည်။

အဆိုပါ ရွှေဖြင့်ပြုလုပ်ထားသောသဝဏ်လွှာ(ဝဲပုံ)ကို အလောင်း မင်းတရားက ဂျော့ဘုရင်(၂)ထံ ၁၇၅၆ ခုနှစ်က ပေးပို့ခဲ့ခြင်းဖြစ်သည်။ သဝဏ်လွှာကို ရွှေသားအစစ်ဖြင့် ပြုလုပ်ထားပြီး အရည်အသွေးမြင့်မား သော ပတ္တမြား ၂၄ လုံးလည်းပါဝင်သည်ဟုသိရသည်။ သဝဏ်လွှာ အတွင်း၌ အလောင်း မင်းတရားကနှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ချက် များပြုလုပ်ရန်တိုက်တွန်းသောစာသားများ ရေးသားထားသည်ဟုဆိုသည်။

ရွှေသဝဏ်လွှာပုံတူပြုလုပ်ပြီး မြန်မာ အမျိုးသားပြတိုက်သို့ လှူဒါန်းမည့်
စီအစဉ်အသေးစိတ်ကို အတည်ပြု ခြင်းမရှိသေးသော်လည်း အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ကြိုးစားသွားမည်ဟု ဂျာမနီနိုင်ငံခြားရေး ဝန်ကြီးဌာနမှပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောသည်။

The Union Daily