တယ်လီနောနှင့် အော်ရီဒူးကို ဆက်သွယ်ရေးလိုင်စင် လာမည့် သုံးရက်အတွင်း ချပေးမည်

ပို့စ်တင်ချိန် - 1/28/2014 08:00:00 PM





ရန်ကုန်၊ ဇန်နဝါရီ ၂၇

ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့် တင်ဒါ အောင်မြင်ထားသော တယ်လီနောနှင့် အော်ရီဒူး ကုမ္ပဏီတို့၏ လုပ်ငန်း လိုင်စင်ကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် တရားဝင် လက်မှတ် ရေးထိုး ချထားပေးမည် ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က The Voice သို့ ပြောကြားသည်။
“အစိုးရဘက်က ရွေးချယ် ခံထားရတဲ့ မိုဘိုင်းလ် အော်ပရေတာ နှစ်ခုကို ဒီလ ၃၀ ရက်နေ့မှာ လက်မှတ်ထိုးပေးဖို့ လျာထားတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာအစိုးရက လိုင်စင် အတည်ပြုပြီးနောက် လိုင်စင်ဆိုင်ရာ စာရွက်စာတမ်းကို တယ်လီနော မြန်မာဘက်မှ စိစစ်နေပြီး သတ်မှတ်ထားသော အချိန်အတွင်း အစိုးရထံ အကြောင်းပြန်ကာ လိုင်စင်ယူမည် ဖြစ်ကြောင်း တယ်လီနော မြန်မာ ကုမ္ပဏီထံမှ သိရသည်။

ဖုန်းဆင်းမ်ကတ် ရောင်းချခြင်းကို အော်ရီဒူးက လိုင်စင်ရပြီး ခြောက်လအကြာတွင် စတင်မည် ဖြစ်ပြီး တယ်လီနောက ရှစ်လ အကြာတွင် စတင်မည်ဟု ကြေညာထားသည်။

တယ်လီနော ကုမ္ပဏီသည် ငါးနှစ်အတွင်း မိုဘိုင်းလ် ဝန်ဆောင်မှုနှင့် ဆင်းမ်ကတ် ရောင်းချမည့် လက်လီဆိုင်ခွဲပေါင်း တစ်သိန်းအထိ ဖွင့်လှစ်ပြီး ဝန်ထမ်း ၉၉ ရာခိုင်နှုန်း ကိုလည်း ပြည်တွင်းမှ ဒေသခံများကိုသာ ခန့်အပ်သွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

အော်ရီဒူး ကုမ္ပဏီကလည်း ၅ နှစ်အတွင်း ဆင်းမ်ကတ် အရောင်းဌာန ၂၄၀,၀၀၀ နှင့် လက်ခွဲ အရောင်းဌာန ၇၂၀,၀၀၀ အထိ ဖွင့်လှစ်ပြီး ပြည်တွင်းဝန်ထမ်း ၉၉ ဒသမ ၉ ရာခိုင်နှုန်း ခန့်အပ်သွားမည် ဖြစ်သည်။

ယမန်နှစ်အတွင်းက လိုင်စင်ကိစ္စ အပြီးသတ်မည်ဟု ဆိုခဲ့သော်လည်း အချိန်များစွာ နောက်ကျပြီးမှ အပြီးသတ်နိုင်ခြင်းမှာ နိုင်ငံတကာတွင် မျက်နှာ ပျက်စရာဖြစ်ကြောင်း ကွန်ပျူတာပရိုဂရမ်မာ တစ်ဦးဖြစ်သူ ဦးဖြိုးဝေမြင့်က သုံးသပ်သည်။

မြန်မာ့ဆက်သွယ်ရေး၊ ရတနာပုံ တယ်လီပို့၊ တယ်လီနောနှင့် အော်ရီဒူးစသည့် ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီများ အနေနှင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းလ် ဖုန်းအလုံးရေ ၃၉ ဒသမ ၅ သန်း ချထားပေးရမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ကြေညာထားသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ပြီးခဲ့သော ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်းက နော်ဝေအစိုးရမှ ၅၄ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် တယ်လီနော ကုမ္ပဏီနှင့် ကာတာအစိုးရ ပါဝင် ပတ်သက်မှုရှိသော အော်ရီဒူး ကုမ္ပဏီတို့ကို ပြည်တွင်းတွင် မိုဘိုင်းလ်ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း လုပ်ကိုင်ရန် ရွေးချယ်ခဲ့သည်။


The Voice Weekly