အုံနာဘုတ်နှင့် ၀ှီးတက်အတု ကိုင်ဆောင်သူများ က-ည-န တရားစွဲမည်

ပို့စ်တင်ချိန် - 1/07/2014 08:30:00 PM


ယာဉ်ပိုင်ဆိုင်မှုစာအုပ်(အုံနာဘုတ်)နှင့် ယာဉ်သက်သေခံလက်မှတ်(၀ှီးတက်) အတုပြုလုပ် ကိုင်ဆောင် ခြင်းကို စစ်ဆေးတွေ့ရှိပါက တရားစွဲဆိုသွားမည်ဟု မန္တလေးတိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦး စီးဌာန တိုင်းဦးစီးမှူးဦးသိန်းဦးက ပြောသည်။

အဆိုပါတရားစွဲဆိုမှုနှင့်ပတ်သက်၍ ၂၀၁၃နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ကြေညာထားပြီး ၂၀၁၄ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ဆောင်ခြင်းဖြစ်သည်။

“အရင်ထက်စာရင် အဲလိုအတုပြုလုပ်လာတာတွေ နည်းနည်းများလာတယ်။ မသိနားမလည်တဲ့သူတွေ မနစ်နာရအောင် ခုလိုကြေညာရတာဖြစ်တယ်။ တစ်ပြည်လုံးအတိုင်းအတာနဲ့ လုပ်သွားမှာပါ”ဟု တိုင်းဦး စီးမှူးဦးသိန်းဦးက ပြောသည်။

ယာဉ်အစီးရေများပြားလာခြင်းနှင့်အတူ ယာဉ်ပိုင်ဆိုင်မှုစာအုပ်နှင့် ယာဉ်သက်သေခံလက်မှတ်တို့ကို အ တုပြုလုပ်ကာ ကိုင်ဆောင်ခြင်း၊ လက်လွှဲရောင်းချ ပေါင်နှံခြင်းတို့ ပြုလုပ်လာသည်ကို စစ်ဆေးတွေ့ရှိမှု များ ရှိနေသည်ဟုလည်း သူက ပြောသည်။

မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်ဖြစ်စေ မိမိဝယ်ယူမည့်ယာဉ်နှင့် သက်သေခံအထောက်အထားများကို စစ်ဆေးလိုပါက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ သွားရောက်စစ်ဆေးမှုများ ပြုလုပ် နိုင်သည်။
Mizzima Burmese