ပင်လယ်ရေလုပ်သား ပျောက်ဆုံးမှု သုံးနှစ်အတွင်း ထက်ဝက်ကျော် တိုးမြင့်ဟုဆို

ပို့စ်တင်ချိန် - 1/26/2014 03:24:00 PM


နေပြည်တော်၊ ဇန်နဝါရီ ၂၅

ပင်လယ်ပြင်သို့ ငါးဖမ်းထွက်သော ရေလုပ်သားများ ပျောက်ဆုံးမှုမှာ သုံးနှစ်အတွင်း ထက်ဝက်ကျော် တိုးမြင့်လာကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် နဝမ ပုံမှန်အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၉) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမှတ်ကြီး၏ ရေလုပ်သားများ ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ မကြာခဏ သေဆုံး၊ ပျောက်ဆုံးမှု များကို စုံစမ်း စစ်ဆေးပေးရန် မေးခွန်းနှင့် ပတ်သက်ပြီး ၎င်းကအထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ပင်လယ်ပြင်အတွင်း ရေလုပ်ငန်း လုပ်ကိုင်နေသော လုပ်သား ပျောက်ဆုံးမှုများမှာ ၂၀၁၁ ခုနှစ်အတွင်းနှစ်မှု၊ ၂၀၁၂ ခုနှစ်အတွင်း ၁၀ မှု ရှိသော်လည်း ၂၀၁၃ ခုနှစ်အတွင်း ၂၆ မှုထိ တိုးမြင့်လာကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဆိုသည်။

အဆိုပါ ရေလုပ်သားများမှာ ပင်လယ်ပြင်အတွင်း ငါးဖမ်း၊ ငါးသယ် ရေယာဉ်များနှင့် ကျားဖောင်များပေါ်တွင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေရာမှ တိကျသော အကြောင်းအရင်းမရှိ ပျောက်ဆုံး သွားခြင်း ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမှတ်ကြီးက ဆိုသည်။

အဆိုပါ ရေလုပ်သား ပျောက်ဆုံးမှုတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ကမ်းနီး၊ ကမ်းဝေး ရေယာဉ်များဖြင့် စုံစမ်းမှုများ ပြုလုပ်ခဲ့သော်လည်း ပျောက်ဆုံးမှု ၂၆ မှုတွင် ရှာဖွေမတွေ့ရှိမှု ၂၁ မှုရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယင်းသို့ ရေလုပ်သားများ သေဆုံးမှုများနှင့် ထိခိုက် နစ်နာမှုများ အတွက် ရေလုပ်ငန်းရှင်များက တာဝန်ယူမှု ရှိစေရန် အတွက် နိုင်ငံတော်က မြန်မာ့အာမခံလုပ်ငန်းနှင့် အလုပ်သမားဝန်ကြီးဌာန အလုပ်သမား အက်ဥပဒေများဖြင့် ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။

ရေလုပ်သားများ ရရှိသော လျော်ကြေးများနှင့် ပတ်သက်ပြီး ဥပဒေတွင် ပြဋ္ဌာန်းထားသော နှုန်းထားများမှာ အလွန်နည်းပါးကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမှတ်ကြီးက ဆိုသည်။

၁၉၂၃ ခုနှစ်အတွင်း ပြဋ္ဌာန်းခဲ့သော အလုပ်သမား လျော်ကြေး အက်ဥပဒေတွင် ရေလုပ်သားတစ်ဦး သေဆုံးလျှင် လျော်ကြေးအဖြစ် တစ်လလုပ်ခ၏ ၃၆ ဆရရှိမည် ဆိုသော်လည်း အနည်းဆုံး ကျပ်တစ်သိန်းခွဲမှ အများဆုံး လေးသိန်းခွဲထိသာ ရရှိမည် ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားမှုဦးစီး ဌာနထံမှ သိရသည်။

The Voice Weekly