မောင်တောကိစ္စ စုံစမ်းစစ်ဆေးပေးရန် ကုလသမဂ္ဂ တောင်းဆို

ပို့စ်တင်ချိန် - 1/24/2014 12:23:00 PM

ဂူဂဲလ်မြေပုံမှာ တွေ့ရတဲ့ ဘူးသီးတောင်၊ မောင်တောဒေသ


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာနှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး Valerie Amos က မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဇန်နဝါရီလ ၂၃ ရက်နေ့စွဲနဲ့ ကြေညာချက် တစောင် ထုတ်ပြန်ပါတယ်။-

မကြာသေးခင်က မောင်တောဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဆက်နွယ်မှုတွေကြောင့် ဖမ်းဆီး ထိန်းသိမ်းခံထားရသူတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ အခွင့်အရေးပိုင်းကိုလည်း လေးစားဖို့နဲ့ အဲဒီ အဖြစ်အပျက် ကိစ္စကို ကနဦး အမြန်ဆုံး စုံစမ်းဖော်ထုတ်မှုတွေ လုပ်ဆောင်ဖို့ မြန်မာအစိုးရကို တောင်းဆိုထားကြောင်း Valerie Amos က သူ့ကြေညာချက်မှာ ဖော်ပြပါတယ်။

ထို့အပြင် အဆိုပါ ကြေညာချက်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မောင်တောက အကြမ်းဖက် တိုက်ခိုက်မှုမှာ ရဲဝန်ထမ်း တဦးနဲ့ အရပ်သားတွေ သေဆုံး သွားခဲ့ရတဲ့ သတင်းပို့ချက်အရ အတော်ပဲ စိုးရိမ်ပူပန်မိတယ်လို့ ဂျနီဗာ အခြေစိုက် ကုလ အတွင်းရေးမှူးချုပ်ရဲ့ ညှိနှိုင်းရေးမှူးရဲ့ ကြေညာချက်က ဆိုပါတယ်။

မကြာသေးခင်က အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ နေရာဒေသတွေမှာ အရေးပေါ် ကူညီကယ်ဆယ်ရေး တွေ လိုအပ်နေတာမို့ အဲဒီဒေသတွေကို လူသားချင်း စာနာထောက်ထားရေး အကူအညီပေးတဲ့ဝန်ထမ်းတွေကို ဝင်ရောက်ခွင့်ပေးဖို့နဲ့ လုံခြုံရေး ကိစ္စ တာဝန်ယူပေးဖို့၊ ဒီအပြင် နိုင်ငံသား အားလုံးကို ထိရောက်တဲ့ အကာ အကွယ်ပေးမှုတွေကို အလေးတယူလုပ်ဆောင်ဖို့ မြန်မာအစိုးရကို သူ့အနေနဲ့ တောင်းဆိုကြောင်းလည်း Valerie Amos က သူ့ကြေညာချက်မှာ ဖော်ပြပါတယ်။






 အိမ့်သံစဉ် ~
Irrawaddy ဧရာဝတီ သတင်း