သမ္မတ အရွေးချယ်ခံခွင့်နှင့် ပတ်သတ်၍ အခြေခံဥပဒေဆိုင်ရာ ပြဌာန်းချက်များအပေါ် စိတ်ပျက်မိကြောင်း အမေရိကန် သံအမတ်ကြီး ထပ်လောင်းဖော်ပြ

ပို့စ်တင်ချိန် - 1/11/2014 08:15:00 PM


ရန်ကုန်၊ မဇ္ဈိမ။ ။ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ်ဝင်ရောက်အရွေးချယ်ခံခွင့် မရှိစေမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပိတ်ပင်တားမြစ်ချက် အပေါ် စိတ်ပျက်မိကြောင်း အမေရိကန် သံအမတ်ကြီး Derek Mitchellက ဆိုလိုက်ပြီး အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးအပေါ် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ထောက်ခံခြင်းကိုမူ သံအမတ်ကြီး Derek Mitchell က ချီးကျူးခဲ့သည်။

အမေရိကန် သံအမတ်ကြီး မစ္စတာ Mitchellက ဇန်နဝါရီလ ၁၀ ရက်က မဇ္ဈိမ၏ မေးခွန်းများကို ပြန်လည်ဖြေကြားသည့် အထဲတွင် လာမည့်နှစ်များ၌ မြန်မာနိုင်ငံအနေဖြင့် ခက်ခဲသော ဆုံးဖြတ်ချက်များကို ချမှတ်ရန် လိုအပ်လိမ့်မည် ဖြစ်ပြီး၊ ပြည်သူများရွေးချယ်ထားသည့် ခေါင်းဆောင်များက အုပ်ချုပ်နေသည်ဟူသော ခံစားချက်မျိုး ပြည်သူများ ရရှိခံစားလာစေမည့် အနေအထားမျိုး ဖြစ်လာရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သားများသည် ဗြိတိန်နိုင်ငံသားများ ဖြစ်ကြသဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၈ခုနှစ် အခြေခံဥပဒေ အရ၊ သမ္မတဖြစ်ရန် လိုအပ်ချက်ကို မပြည့်မီဘဲ ဖြစ်နေရာ အခြေခံဥပဒေပါ ထိုပြဌာန်းချက်ကို နားလည်ပေးရန် ခက်ခဲလှကြောင်းလည်း သံအမတ်ကြီးက ဖော်ပြထားသည်။

“အဓိက နိုင်ငံရေး ပါတီကြီး တစ်ခု၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့်အပြင်၊ အဓိက လွှတ်တော်ကော်မတီ တစ်ခု၏ ဥက္ကဋ္ဌလည်း ဖြစ်ကာ၊ နိုင်ငံအောင်မြင်ရေး နှင့် အင်အားရှိရေးအတွက် သတ္တိရှိသော မျိုးချစ်ပုဂ္ဂိုလ် တစ်ဦးအဖြစ် ဆယ်စုနှစ်နှင့်ချီကာ အနစ်နာခံခဲ့သူလည်း ဖြစ်ပြီး၊ ပြည်သူများကြားတွင်လည်း အလွန် လူကြိုက်များသော သူတစ်ဦးအား သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံခွင့်မှ ချန်လှပ်ထားမည်ဆိုသည့် ကိစ္စမှာ၊ မြန်မာနိုင်ငံအား ဒီမိုကရေစီ နိုင်ငံတစ်ခု အဖြစ်သို့ ရောက်ရှိစေချင်သော လေ့လာသူတစ်ဦးဖြစ်သည့် ကျွန်တော်၏ အမြင်တွင်တော့ ထူးဆန်းလှပါသည်” ဟု သူက ဆိုထားသည်။

ပြင်ပကမ္ဘာနှင့် မိသားစုဆိုင်ရာအဆက်အစပ်ရှိသူများအား စိုးရိမ်ပူပန်မှုကို ထင်ဟပ်နေသည့် အချက်များ၊ ၁၉၄၇ ခုနှစ် နှင့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေများတွင် ပါရှိခဲ့နိုင်ခြင်းကိုမူ နားလည်ပေး၍ ရသည်ဟု မစ္စတာ Mitchell က ဆိုခဲ့သည်။

“သို့ရာတွင် ၂၁ရာစု ကာလမျိုး၌၊ ကမ္ဘာနှင့် တစ်သားတည်းဖြစ်ရန် ကြိုးစားနေပြီး ပွင့်လင်းကာ ဒီမိုကရေစီဆန်လာသည့် မြန်မာနိုင်ငံတွင်မူ ထိုကဲ့သို့သော အချက်မျိုးကို မပြဌာန်းသင့်ပေ” ဟု သံအမတ်ကြီးက ဆိုထားသည်။

“အဲဒီအချက်ဟာ၊ အဲဒီ ကြောက်ရွံ့မှုဟာ အတိတ်ရဲ့ အမွေတစ်ခုပါ” ဟု ၂၀၀၈ ခုနှစ် အခြေခံဥပဒေမှ သက်ဆိုင်ရာအချက်ကို ရည်ညွှန်း၍ အမေရိကန် သံအမတ်ကြီးက ဆိုခဲ့သည်။

“လွှတ်တော်တွင်း အင်အားအကြီးဆုံးပါတီမှ ခေါင်းဆောင်တစ်ဦးဖြစ်သည့် သူရဦးရွှေမန်းသည်ပင်လျှင်၊ ထိုအချက်အား ပြင်ဆင်ပြောင်းလဲရေးကို လူသိရှင်ကြား ထောက်ခံခဲ့သည်” ဟု မစ္စတာ Mitchell က ဆိုထားသည်။

“ပါတီများနှင့် ခေါင်းဆောင်များကို ပြည်သူများစိတ်ကြိုက်ရွေးချယ်နိုင်မည့် မျှတသော ယှဉ်ပြိုင်မှုမျိုးကို သူ့အနေဖြင့် လိုလားပြီး၊ အနိုင်ရသူက အောင်မြင်မှုဆွတ်ခူးနိုင်မည် ဖြစ်သလို၊ ရှုံးနိမ့်သူကလည်း သစ္စာရှိသော အတိုက်အခံအဖြစ်ဖြင့် အရေးကြီးသော အခန်းကဏ္ဍ တစ်ခုမှ ဆက်လက်ပါဝင်ကာ နောက်ထပ် ရွေးကောက်ပွဲတစ်ခုကို စောင့်မျှော်ကာ ပါဝင်ယှဉ်ပြိုင် ရမည်ဖြစ်ကြောင်း သူ (သူရဦးဦးရွှေမန်း) က ပြောခဲ့သည်” ဟု မစ္စတာ Mitchell က ဖော်ပြထားသည်။

“အဲဒါဟာ အလွန် ဂုဏ်သိက္ခာရှိတဲ့ ရပ်တည်ချက်ပါ၊ အလွန် ဒီမိုကရေစီဆန်တဲ့ ရပ်တည်ချက်ပါ။ အဲဒီ အမြင်အတွက် ကျွန်တော် သူ့ကို ချီးကျူးဂုဏ်ပြုပါတယ်” ဟု မစ္စတာ Mitchell က ဆိုသည်။

“အခြားသူများအနေဖြင့် အဘယ်ကြောင့် ထိုကဲ့သို့ မရှုမြင်ကြသည်လဲ ဆိုသည်ကို လေ့လာသူတစ်ယောက်ဖြစ်သော ကျွန်တော့်အနေဖြင့် အံ့သြမိပြန်ပါသည်” ဟု မစ္စတာ Mitchell က ဖော်ပြထားသည်။

ထိုကိစ္စမှာ အချုပ်အခြာအာဏာနှင့် ပတ်သတ်နေသဖြင့် အမှားမခံသော ကိစ္စဖြစ်ကြောင်း အမေရိကန် နိုင်ငံအနေဖြင့် နားလည်ပါသည်ဟုလည်း မစ္စတာ Mitchell က ဆိုထားသည်။

“သို့ရာတွင် ဘုံရည်မှန်းချက်မှာ ဒီမိုကရက်တစ် နိုင်ငံတစ်ခု ဖြစ်လာရေးဆိုပါလျှင်၊ နိုင်ငံ၏ ခေါင်းဆောင်ပိုင်းကို ရွေးချယ်သည့် စီရင်ဆုံးဖြတ်မှုမှာ လွတ်လပ်မျှတကာ၊ အားလုံးပါဝင်နိုင်ပြီး၊ ပွင့်လင်း၍ လူတိုင်းလူတိုင်း အနေဖြင့် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိကြောင်း သေချာရန် လိုအပ်ပါသည်” ဟု ဖော်ပြထားသည်။

“မည်သည့်နိုင်ငံ၏ ရွေးကောက်ပွဲများတွင်မဆို အမေရိကန်က ပိုနှစ်သက်သော ကိုယ်စားလှယ်ဆိုသည်မှာ မရှိပေ။ ပြည်သူများ၏ ဆန္ဒများကို ထင်ဟပ်သည့် မျှတသော ယှဉ်ပြိုင်မှုမျိုး ဖြစ်ရန်သာ ကျွန်တော်တို့ အလိုရှိပါသည်” ဟု အမေရိကန် သံအမတ်ကြီးက ဆိုသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသို့ ချဉ်းကပ်လာသည့် အချိန်တွင် မြန်မာနိုင်ငံအတွင်း အဖြစ်အပျက်များကို အမေရိကန်က အနီးကပ် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သံအမတ်ကြီးက ဆိုခဲ့သည်။

“၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ကျွန်တော်တို့နှင့်၊ အခြားနိုင်ငံများက လွန်စွာ စိတ်ဝင်စားကြပါတယ်” ဟု သူက ပြောခဲ့ပြီး၊ ထိုရွေးကောက်ပွဲသည် ဒီမိုကရေစီဆီသို့ကူးပြောင်းမှု ကာလတွင် အရေးကြီးသော ပြယုဂ်တစ်ခု ဖြစ်လာလိမ့်မည်ဟုလည်း ဆိုခဲ့သည်။

“အထူးသဖြင့်၊ ရလဒ်ဟာ ပြည်သူတွေရဲ့ ဆန္ဒကို အမှန်အကန် ထင်ဟပ်ဖို့၊ အပြောင်းအလဲ ကာလရဲ့ အရေးကြီးလှတဲ့ နောက်တစ်ဆင့်မှာ ပြည်သူတွေ အနေနဲ့ သူတို့လိုလားတဲ့ ခေါင်းဆောင်ကို လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့်ရှိဖို့၊ ခက်ခဲတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတိုင်း ရှေ့ဆက်သွားနေစဉ်မှာ နိုင်ငံအနေနဲ့ တည်ငြိမ်မှု ရှိစေဖို့ စတဲ့အချက်တွေဟာ အရေးကြီးတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု မစ္စတာ Mitchell က ဆိုခဲ့သည်။
Written by  Geoffrey Goddard
Mizzima Burmese