ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ လက်ရှိအာဏာရပါတီ အနိုင်ရ

ပို့စ်တင်ချိန် - 1/06/2014 03:50:00 PM


ဓာတ်ပုံ - ရိုက်တာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇန်န၀ါရီ ၅ ရက်နေ့က ကျင်းပခဲ့တဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ အများက မျှော်လင့်ထားတဲ့အတိုင်း လက်ရှိ အာဏာရ အ၀ါမီလိဂ် ပါတီကပဲ အနိုင်ရတယ်လို့ ဒီနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။

ရွေးကောက်ပွဲကို အဓိက အတိုက်အခံက သပိတ်မှောက်ထားတဲ့အတွက် ထွက်လာတဲ့ ရလဒ်အပေါ် ဘယ်သူမှ မအံ့သြကြပါဘူး။

မဲဆန္ဒနယ် ၃၀၀ ရှိတဲ့အထဲက တ၀က်တောင် မပြည့်တဲ့ မဲဆန္ဒနယ်တွေမှာပဲ လုံခြုံရေး တင်းတင်းကျပ်ကျပ်နဲ့ ရွေးကောက်ပွဲတွေ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အာဏာရ အ၀ါမီလိဂ် ပါတီက ပြိုင်ဘက်ရှိတဲ့ မဲဆန္ဒနယ် ၁၀၅ ခုမှာ အနိုင်ရခဲ့ပါတယ်။ ပြိုင်ဘက်မရှိတဲ့ မဲဆန္ဒနယ် ၁၂၇ နေရာမှာလည်း အနိုင်ရတဲ့အတွက် မဲဆန္ဒနယ်အားလုံးရဲ့ ၃ ပုံ ၂ ပုံအကျော်မှာ အနိုင်ရလိုက်ပါတယ်။
ဇန်န၀ါရီ ၅ ရက်နေ့ ရွေးကောက်ပွဲ မဲမပေးခင် ရက်သတ္တပတ်တွေကတည်းက ဘင်္ဂလားဒေ့ရှ်မှာ ပဋိပက္ခတွေနဲ့ ပြည့်နှက်နေခဲ့တာ ဖြစ်ပါတယ်။

မဲပေးတဲ့နေ့မှာ ဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေအတွင်းမှာ လူ အနည်းဆုံး ၂၁ ယောက် သေဆုံး သွားတယ်လို့ ဒေသမီဒီယာတွေက အစီရင်ခံပါတယ်။ ပဋိပက္ခတွေကြောင့် မဲရုံပေါင်း ၄၀၀ မှာလည်း မဲပေးတာတွေကို ရပ်ပစ်ခဲ့ရပါတယ်။

ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ ပေါ်ပေါက်တဲ့ ပဋိပက္ခတွေအတွင်းမှာ လူ ၁၀၀ ကျော် သေဆုံးခဲ့တဲ့နောက် အထူးသဖြင့် ကျေးလက်တွေမှာ မဲပေးသူတွေ သိသိသာသာ လျော့ကျခဲ့ပါတယ်။

ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ အုပ်စုတွေကို နေရာ ၆ ခုမှာ သေနတ်နဲ့ ပစ်ခတ်ပြီး လူစုခွဲ ခဲ့ရတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။

ဒါကာမြို့တော်မှာတော့ အိမ်လုပ်ဗုံးတွေ ပေါက်ကွဲခဲ့တာက လွဲလို့ ငြိမ်သက်ခဲ့ပါတယ်။ ဒါပေမယ့် ပဋိပက္ခတွေကြားထဲမှာ ရွေးကောက်ပွဲကို ကျင်းပခဲ့တာကိုတော့ မြို့ခံတချို့က မေးခွန်းထုတ်နေကြပါတယ်။
DVB Burmese