အကယ်ဒမီရပြီးနောက်ပိုင်း ဖွေးဖွေးနဲ့ ယွန်းယွန်းတို့ အနုပညာလောကထဲမှာ ဘယ်လိုဆက်ပြီး ရပ်တည်ကြမလဲ

ပို့စ်တင်ချိန် - 1/03/2014 07:00:00 PM


အနုပညာလောကထဲတွင် နာမည်ရ ထင်ရှားလာသူများ အများအပြားရှိသည်။ ယင်းတို့ထဲတွင် နာမည် ကြီး အနုပညာရှင်များအဖြစ် သက်တမ်းကြာရှည်စွာ ရပ်တည် လာကြသူများရှိကြသလို၊ တချို့သည် အနုပညာသက်တမ်းနုစွာဖြင့် ၀င်ရောက်လာကြသော်လည်း အနုပညာလောကထဲတွင် နာမည်ရထင်ရှား လာကြသူများ ရှိကြသည်။ ယင်းတို့ထဲတွင် မျိုးဆက်သစ်အနုပညာရှင်များ အများအပြား ပေါ်ထွက်လို့ နေသည်။

ထို့ကြောင့် ယခုနှစ်တွင်လည်း အနုပညာသက်တမ်း နည်းပါးသော်လည်း ပရိသတ် အားပေးခြင်းကိုခံနေရ သည့် မျိုးဆက်သစ် အနုပညာရှင်နှစ်ဦး ပေါ်ထွက်လို့လာသည်ကို တွေ့မြင်ရသည်။ ယင်းတို့သည် လက်ပံဇာတ်ကားဖြင့် အကယ်ဒမီကိုရရှိခဲ့သည့် ဖွေးဖွေးသည် အနုပညာသက်တမ်း စစချင်းနှစ်မှာပင် ဒါရိုက် တာဝိုင်း၏ တစ်လထိစခန်းသွင်း သင်ကြားပေးမှုများနှင့် သူမ၏ အနုပညာ ဈာန်ဝင်စားမှုများကြောင့် ပရိ သတ်အားပေးခြင်းကို ခံခဲ့ရသည့်အပြင် ယခုနှစ်တွင် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိ ခဲ့ခြင်းဖြစ်သည်။

“ဖွေး အကောင်းဆုံးကြိုးစားခဲ့တာပါ။ အဲဒီအချိန်တုန်းက ဖွေးကလည်း ငယ်သေးတဲ့အပြင် အနုပညာ သက်ကလည်း နုသေးပါတယ်။ ဖွေး အကယ်ဒမီရရှိခဲ့ပေမယ့် အနုပညာကြေးကတော့ အရင်တိုင်းပါပဲ။ မတက်ပါဘူး။ ဘာလို့လဲဆိုတော့ အရင်ကလည်း ဒီအနုပညာအလုပ်ကို လုပ်တယ်။ အခုလည်း ဒီအနု ပညာအလုပ်တွေကို လုပ်နေရတာပဲလေ။ ဖွေးရဲ့အနုပညာကို အသိအမှတ်ပြုခြင်းကို ပရိသတ်တွေဆီက ရရှိခဲ့တာကြောင့် ဆက်ပြီးလည်း အကောင်းဆုံး ကြိုးစားနေမှပါပဲ” ဟု အကယ်ဒမီဖွေးဖွေးက ပြောသည်။

ဖွေးဖွေးအနေဖြင့် အနုပညာအလုပ်များကို အကောင်းဆုံး လုပ်ဆောင်သွားမည်ဖြစ်ပြီး သူမအနေဖြင့် အနု ပညာလောကတွင် ရေရှည်ရပ်တည်နိုင်ရန် အဘက်ဘက်မှ ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အကယ်ဒမီရရှိပြီး နောက်ပိုင်းတွင် တချို့သော အနုပညာရှင်များသည် ဇာတ်ကားများ ပိုမိုရိုက်ကူးခွင့်ရရှိ ခဲ့ပြီး တချို့သည် အနုပညာကြေးများကို ပိုမိုတိုးမြှင့်ခြင်းများလည်း ရှိသည်။ သို့သော် တချို့သည် အနု ပညာကြေးများ ယခင်အတိုင်းသာ ဆက်လက်ရှိခဲ့ခြင်းကြောင့် ထုတ်လုပ်သူများ၊ ဒါရိုက်တာများ အဆင် ပြေခဲ့ကြသည်။ ယခုလို အကယ်ဒမီရရှိပြီး နောက်ပိုင်းတွင် အများစုသည် ပရိသတ်များအားပေးမှုကို ပိုမို ရရှိခဲ့သော်လည်း အနုပညာလောက နှင့် တဖြည်းဖြည်း ဝေးကွာမှုများကိုလည်း တွေ့ရှိရပြီး တချို့သည် လုံးဝပျောက်ကွယ်သွားသည်အထိ ရှိကြပြန်သည်။

“သမီးအနေနဲ့ အနုပညာအလုပ်တွေကို ဆက်ပြီးလုပ်ဖြစ်သွားမှာပါ။ သမီးရဲ့ အနုပညာကြေးတွေကိုတော့ တက်တယ်ဆိုတာမျိုး မရှိပါဘူး။ အကောင်းဆုံး အဆင်ပြေအောင် လုပ်သွားကြမှာပါ။ သမီး ကားတွေ ဆက်ရိုက်မယ် ဆိုပေမယ့် ကျောင်းစာဘက်ကိုလည်း မလစ်ဟင်းရအောင်လို့ လုပ်သွားမှာပါ။ ရိုက်ကူး ရေးအတွက်ကိုတော့ နောက်ပိုင်း တဖြည်းဖြည်း နားရတော့မှာပါ။ ကျောင်းစာတွေလည်း ရှိလာတော့ လေ” ဟု ယခုနှစ်၏ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီဇာတ်ကားတွင် ကလေးသရုပ်ဆောင် အထူးဆုရရှိခဲ့သည့် ယွန်းယွန်း ကပြောသည်။

မြန်မာနိုင်ငံ၏ အကယ်ဒမီပေးအပ်ခဲ့သည့် သမိုင်းတွင် ကလေးသရုပ်ဆောင် အထူးဆုအဖြစ် ပေးအပ်ချီး မြင့်ခြင်းမှာ နည်းပါးခဲ့သည်။ ယခု ၂၀၁၂ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲတွင် အထူးဆုဖြစ်သည့် ကလေးဆုကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ယွန်းယွန်းသည် တိမ်မင်းသမီး ဇာတ်ကားကို အသက်(၁၀) နှစ် အချိန်တွင်ရိုက်ကူးခဲ့ပြီး အကယ်ဒမီဆုကို ရရှိသည့်အချိန်တွင် ၁၄ နှစ်ရှိပြီဖြစ်သည်။ ယွန်းယွန်းကဲ့သို့ အနုပညာလောကတွင် ပရိသတ် အားပေးမှုများရရှိခဲ့သည့် နာမည်ရ ကလေးသရုပ်ဆောင်များသည် လည်း အနုပညာလောကထဲတွင် ထင်ရှားပြီး လူကြိုက်များကြသည်။

ယင်းတို့သည် ၁၉၅၅ခုနှစ်တွင် ဖိုးပြုံးချိုဇာတ်ကားဖြင့် ကလေးသရုပ်ဆောင် ဆုရရှိခဲ့သည့် ၀င်းမာလေး၊ ၁၉၇၇ တွင် ကလေး သရုပ်ဆောင်ဆုရရှိခဲ့သည့် အောင် ထွန်းလေး (အဖေ တစ်ခုသားတစ်ခု)၊ ၁၉၇၈ ခုနှစ်တွင် မေတ္တာရှင်မလေး ငြိမ်းငြိမ်းအိ ဇာတ်ကားဖြင့် ရရှိခဲ့သည့် အင်္ဂလန်စိန်၊ ၁၉၉၉ ခုနှစ်တွင် ရင်ထဲ က ဆောင်းရာသီ ဇာတ်ကားဖြင့် အကယ်ဒမီဆုရရှိခဲ့သည့် အိဖြူစိုးတို့ ဖြစ်သည်။ ယင်းတို့သည် အကယ် ဒမီရရှိခဲ့ပြီးနောက်ပိုင်းတွင် ဇာတ်ကားများကို ရိုက်ကူးခြင်းရှိခဲ့သော်လည်း တဖြည်းဖြည်း အနုပညာလော ကနှင့်ဝေးကွာပြီး ပျောက်သွားခဲ့သည်ကိုလည်း မြင်တွေ့ကြရသည်။

ယင်းတို့ ဆက်လက်မရိုက်ကူးခြင်းကို ပရိသတ်များ စိတ်ဝင်စားလျက် ရှိခဲ့ကြသည်။ ယခုဆုရရှိခဲ့သည့် ယွန်းယွန်းသည်လည်း အနုပညာလောကတွင် ဆက်လက်ပြီး အနုပညာအလုပ်များကို ဆက်လုပ်ခြင်း မလုပ်ခြင်းကို အားလုံးအတွက် စိတ်ဝင်စားမှုများ ရှိနေပြန်သည်။ သို့သော် အနုပညာကို ၀ါသနာပါသူ တစ်ဦးဖြစ်သည့် ယွန်းယွန်းသည် ဆယ်ကျော်သက်ကုန်လွန်ပြီး ပရိသတ်များ၏ မင်းသမီးအဖြစ် မြင်လို သည့်ဆန္ဒများသည် ဆက်လက်ရှိနေဦးမည်ဖြစ်သည်။
Written by  ဘုန်းနေလ-ဒဂုံတက္ကသိုလ်
Mizzima Burmese