ရှမ်းပြည်နယ်အတွင်း ခရိုင်အချို့ဖျက်သိမ်းခြင်း လွှတ်တော်ကိုယ်စားလှယ် ကန့်ကွက်

ပို့စ်တင်ချိန် - 1/21/2014 07:52:00 PM


နေပြည်တော်၊ မဇ္ဈိမ။ ။ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့၏ ထောက်ခံချက်ဖြင့် ကွမ်းလုံ ခရိုင်ကို ဖျက်သိမ်းကာ လားရှိုးခရိုင်နှင့် ပူးပေါင်းရန် ကိစ္စအား ပြည်ထောင်စုအစိုးရက သဘောတူ လိုက်ခြင်းကို ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ကန့်ကွက်လိုက်သည်။

ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဟော်ရှောက်ထမ်းက ဇန်နဝါရီလ ၂၁ရက် က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကန့်ကွက်လိုက်ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်းရှိ ကွမ်းလုံခရိုင်ကို ဖျက်သိမ်း၍ လားရှိုးခရိုင်အဖြစ် ပူးပေါင်းရန်နှင့် မိုင်းဖြတ်ခရိုင်ကို ဖျက်သိမ်း၍ တာချီလိတ်ခရိုင်အဖြစ် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စကို ပြည်ထောင်စု အစိုးရအဖွဲ့ က ပြည်ထောင်စု လွှတ်တော်တွင် မှတ်တမ်းတင်ရန် ပေးပို့လာခြင်းကို ဦးဟော်ရှောက်ထမ်းက ကန့်ကွက်ခြင်းဖြစ်သည်။

“အများပြည်သူ သဘောမတူပါဘူး။ ဆိုင်းငံ့ပေးဖို့ တောင်းဆိုပါတယ်”ဟု ဦးဟော်ရှောက်ထမ်းက ဆိုသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကလည်း ကန့်ကွက်မှုကို မှတ်တမ်းတင် ထားရှိ ပြီး ပြည်ထောင်စု အစိုးရအဖွဲ့သို့ ပြန်လည်အကြောင်း ကြားပေးမည်ဟု ပြောခဲ့သည်။

Mizzima - News in Burmese