ဥရောပသမဂ္ဂအဖွဲ့ ရခိုင်ရောက်ချိန် အချိန်ကိုက် မောင်တောတွင် မီးရှို့မှုဖြစ်ဟု အစိုးရဆို

ပို့စ်တင်ချိန် - 1/30/2014 02:50:00 PM

ဒုချီးရားတန်း မီး ၊ ဓါတ်ပုံ- ဒီဗွီဘီ

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ရခိုင်ပြည်နယ်တွင် တည်ငြိမ်မှု ရှိနေပြီဟု ပြည်ထောင်စုဝန်ကြီးများက သံတမန်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ တွေ့ဆုံရှင်းလင်းချက်မှာ မှန်ကန်မှု မရှိကြောင်း ပြသရန်နှင့် ဥရောပသမဂ္ဂအဖွဲ့ ရခိုင်သို့ ရောက်ရှိရန် တစ်ရက်အလိုတွင် မောင်တောမြို့ ဒုချီးရားတန်း ကျေးရွာတွင် ဇန်နဝါရီလ ၂၈ ရက်နေ့ညပိုင်းက မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

အဆိုပါ မီးရှို့မှု ဖြစ်စဉ်သည် ရခိုင်ပြည်နယ်သို့ ဥရောပသမဂ္ဂ သံရုံးမှ သံအမတ်ကြီး ဦးဆောင်သော မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာ သံရုံးများမှ သံအမတ်ကြီးများအဖွဲ့ ရောက်ရန် ၁၇ နာရီ ခန့်အလိုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတွင် ဘင်္ဂါလီများ အသတ်ခံရခြင်း မဟုတ်ဘဲ လုံခြုံရေး တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံခဲ့ရခြင်းသာ ဖြစ်သည်ဟု မြန်မာ အစိုးရက နိုင်ငံတကာ အသိုင်းအဝိုင်းကို ရှင်းလင်းချက်မှာ မှားယွင်းကြောင်း ပြသရန် ဒုချီးရားတန်းကျေးရွာ မီးရှို့မှုကို ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ဆောင်သည်ဟု သုံးသပ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။
“ဒီနေရာမှာ (မောင်တော) ဘာမှ မဖြစ်ဘူး အေးဆေးပဲ ဆိုပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကို ရှင်းခဲ့တယ်။ အစိုးရပိုင်းက ဝန်ကြီးတွေ ရှင်းလင်းတဲ့ ကိစ္စဟာ မှားနေတယ်။ ဟိုမှာ မီးရှို့တာတွေ ဖြစ်နေတယ် ဆိုတာကို ပြချင်လို့ လုပ်တယ်လို့ ယူဆရတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ မီးရှို့မှု ဖြစ်စဉ်မှာလည်း ရခိုင်ပြည်နယ်သို့ ဥပရောပသမဂ္ဂ သံရုံးမှ သံအမတ်ကြီး ဦးဆောင်သော မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာ သံရုံးများမှ သံအမတ်ကြီးများအဖွဲ့ လာရောက်မည့် ခရီးစဉ်ရှိသဖြင့် အချိန်ကိုက် လုပ်ဆောင်ခြင်းဟုလည်း သံသယ ဖြစ်မိကြောင်း ဦးဇော်ဌေးက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ထင်ရှားသူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ လာရောက်သည့် ခရီးစဉ်တိုင်းတွင် အကြမ်းဖက်မှုများ ဖြစ်ပွားလေ့ ရှိသည်ကို တွေ့ရှိရသည်။

ဒုချီးရားတန်း အနောက်ကျေးရွာတွင် ဇန်နဝါရီလ ၂၈ ရက်နေ့ ည ၉ နာရီခန့်တွင် မီးလောင်နေသော အိမ်တစ်လုံးကို ငြှိမ်းသတ်နေစဉ် တောင်ဘက် ကိုက် ၁၅၀ ခန့် အကွာတွင် နေအိမ်တစ်လုံး မီးထပ် လောင်ခဲ့ကြောင်း၊ ယင်းအိမ်ကို မီးငြိမ်းနေစဉ် အရှေ့ဘက်က နေအိမ်တစ်လုံး ထပ်မီးလောင်မှုကြောင့် စုစုပေါင်း နေအိမ် ၁၆ လုံး လောင်ကျွမ်းသွားပြီး ဒဏ်ရာရရှိခဲ့သူ မရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က သတင်းထုတ်ပြန်သည်။

တောင်ဘက်အရပ်က နေအိမ်ကို မီးသွားရောက် ငြှိမ်းသတ်ရာတွင် ဘင်္ဂါလီငါးဦး ထွက်ပြေး သွားကြောင်း၊ ယင်းဖြစ်စဉ်မှာ ဘင်္ဂါလီများ ကိုယ်တိုင် မီးရှို့ခြင်းသာ ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားပြီး မကြာမီ အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် ဘင်္ဂါလီ တက်ကြွ လှုပ်ရှားသူများက မီးလောင်နေသည့် ဓာတ်ပုံများဖြင့် သတင်းမှားများ ထုတ်ပြန်ခဲ့ကြောင်း ဦးဇော်ဌေးက ဆိုသည်။

ဥရောပသမဂ္ဂသံရုံးမှ သံအမတ်ကြီး ဦးဆောင်သော အဖွဲ့သည် ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်း နှစ်ခုလုံးမှ လူပုဂ္ဂိုလ်များ၏ အသံများကို နားထောင်ရန် လာရောက်ခြင်းဖြစ်ပြီး စစ်တွေ၊ မောင်တော၊ မင်းပြား၊ ပေါက်တာမြို့များသို့ သွားရောက်မည် ဖြစ်ကြောင်း စစ်တွေ မြို့မြိုမိမြို့ဖများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ကြောင်း မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောကြားသည်။

ဗြိတိန် နိုင်ငံခြားရေးရုံး ဝန်ကြီးသည်လည်း ဇန်နဝါရီ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ရခိုင်အရေး ကိစ္စများကို ဆွေးနွေးမည် ဖြစ်ကြောင်း အဆိုပါရုံးက ထုတ်ပြန်ထားသည်။

The Voice Weekly