"ရေနှင့် တူသော စိတ်ဓာတ်

ပို့စ်တင်ချိန် - 1/03/2014 09:33:00 AM


မြတ်စွာဘုရားရှင်မှ သားတော်ဖြစ်သူ အရှင်ရာဟုလာအား စံထားကာ
ရဟန်းတော်များကို ဆုံးမထားတော်မူခဲ့တဲ့ အဆုံးအမတစ်ခုပင်ဖြစ်ပါသည်။
ရဟန်းတော်များသာမက လူပုဂ္ဂိုလ်များပါ လိုက်နာ
ကျင့်သုံးဖွယ်ကောင်းသည့် အဆုံးအမများပင်ဖြစ်ချေသည်။

ချစ်သားရာဟုလာ…
ရေနှင့်တူညီတဲ့စိတ်ထားရှိအောင်
သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်စမ်းပါ။

ချစ်သား ရာဟုလာ..
ရေနှင့်တူညီတဲ့ စိတ်ထားမျိုရှိအောင် စိတ်ကို ပွားများအားထုတ်နေတဲ့
သင်ချစ်သား၏ သန္တာန်မှာ ဖြစ်ပေါ်လာကြတဲ့
မြတ်နိုးဖွယ်ရာ အတွေ့အထိအာရုံတွေ
မမြတ်နိုးဖွယ်ရာ အတွေ့အထိအာရုံတွေဟာ
သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ပြီး
ဘယ်တော့မှ မတည်နိုင်တော့ဘူး။

★ ချစ်သား ရာဟုလာ… ဥပမာတစ်ခု ပြောမည်။
“ရေထဲမှာ စင်ကြယ်တဲ့ အရာဝတ္ထုကိုလည်း ဆေးကြောကြတယ်။
မစင်ကြယ်တဲ့ အရာဝတ္ထုကိုလည်း ဆေးကြောတယ်။
ကျင်ငယ်ကိုလည်း ဆေးကြောတယ်။
တံတွေးကိုလည်းဆေးကြောတယ်။
ပြည်ကိုလည်းဆေးကြောတယ်။
သွေးကိုလည်း ဆေးကြောတယ်။
ဒါပေမယ့် ဒီလိုဆေးကြောလိုက်တဲ့အတွက်
ရေဟာ နာကြည်းမှုလည်း မဖြစ်ဘူး။
ရှက်နိုးမှုလည်းမဖြစ်ဘူး။
ရွံရှာစက်ဆုပ်ဖွယ်လည်း မဖြစ်ဘူး။”

ချစ်သားရာဟုလာ ဒီဥပမာအတိုင်းပဲ
ရေနှင့်တူညီတဲ့ စိတ်ထားရှိအောင်
သင်ချစ်သား၏ စိတ်ဓာတ်ကို ပွားများအားထုတ်နေတဲ့
သင်ချစ်သား၏ သန္တာန်မှာ ဖြစ်ပေါ်လာကြတဲ့
မြတ်နိုးဖွယ်ရာ အတွေ့အထိအာရုံတွေ၊
မမြတ်နိုးဖွယ်ရာ အတွေ့အထိအာရုံတွေ
သင်ချစ်သား၏ စိတ်ဓာတ်ကို သိမ်းကျုံးယူငင်ပြီး
ဘယ်တော့မှ မတည်နိုင်တော့ဘူး။ ★

(မြတ်ဗုဒ္ဓ)

ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍
လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)