တရားဥပဒေစိုးမိုးပြီး အေးချမ်းသာယာဖို့ဆိုရင်

ပို့စ်တင်ချိန် - 1/27/2014 06:41:00 PM



သို့သော်လည်း ပြစ်မှုကျူးလွန်သည့် သတင်းများ၊ ယင်းသို့ ပြစ်မှုကျူးလွန်ပြီးနောက် ထွက်ပြေး လွတ်မြောက်သွားသော သတင်းများ၊ ပြစ်မှုကျုးလွန်သူကို ဖမ်းဆီးရမိသော်လည်း  ကျူးလွန်သော ပြစ်မှုနှင့် ချမှတ်သော ပြစ်ဒဏ်တို့ မမျှတသော ကိစ္စရပ် များအပေါ် ဝေဖန်သုံးသပ်သည့် သတင်းများသည်လည်း နေ့စဉ်ထုတ် “လွတ်လပ် ပွင့်လင်း  သတင်းမီဒီယာများ” တွင် စဉ်ဆက်မပြတ် ဖတ်ရှုနေရသော သတင်းများ ဖြစ်ပါသည်။

သတင်းစာ၊ ဂျာနယ်တို့၏ အယ်ဒီတာ့ အာဘော်များ၊ သတင်း ဆောင်းပါးရှင်တို့၏ ဝေဖန် သုံးသပ်ချက်များ၊ လွှတ်တော် ကိုယ်စားလှယ် အချို့၏ ပြောဆိုချက်များတွင် တရားဥပဒေ စိုးမိုးမှု အားနည်းရခြင်းမှာ တရားသူကြီးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ အားနည်းချက်များကြောင့် ဖြစ် ကြောင်း ရှုမြင်သုံးသပ် ပြောဆိုကြသည်ကိုလည်း ဖတ်ရှု သိရှိရပါသည်။ ဖော်ပြပါ ရှုမြင်သုံးသပ်ချက်များကို မှားသည်၊ မှန်သည်ဟူ၍ ထောက်ခံ၊ ကန့်ကွက် ပြောဆိုခြင်း မပြုလိုသော်လည်း ဤဆောင်းပါးတွင် ကျွန်တော်၏ အမြင်ကို တင်ပြ ဆွေးနွေးလိုပါသည်။

တရားဥပဒေ စိုးမိုးရေး လုပ်ငန်းသည် ပြည်သူ့ကျန်းမာရေး အကောင်အထည် ဖော်ခြင်းလုပ်ငန်းနှင့် အလားသဏ္ဌာန် တူသည်ဟု ဆိုချင်ပါသည်။ ပြည်သူ့ကျန်းမာရေးတွင် “ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမို ကောင်းမွန်သည်” ဟူသော အဆိုရှိပါသည်။  အလားတူ တရားဥပဒေစိုးမိုးရေး လုပ်ငန်းသည်လည်း ပြစ်မှုများကို ဖြစ်လာသည့်အခါမှ  စုံစမ်း၊ ရှာဖွေ၊ ဖော်ထုတ်၊ ဖမ်းဆီး၊ စစ်ဆေး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ကြမည့်အစား မဖြစ်ပွားမီကပင် ကြိုတင်ကာကွယ်ခြင်းသည် ပြစ်မှုများ ဖြစ်ပွားခြင်းကို များစွာ လျော့နည်းသွားစေမည် ဖြစ်ပါသည်။

ဒေါသအလျောက် ကျူးလွန်သည့် ပြစ်မှုများ၊ မိသားစု/ဆွေမျိုး၊ မိတ်ဆွေအချင်းချင်း ခိုက်ရန် ဖြစ်ပွားရာမှ အစပြုပြီး ဖြစ်ပွားကြသော အမှုကိစ္စမျိုး အပါအဝင် ကြိုတင် မခန့်မှန်းနိုင်သည့် မှုခင်းများမှအပ အချို့သော မှုခင်းများမှာ မကျူးလွန်မီ ကြိုတင် ကာကွယ် တားဆီးနိုင်သော မှုခင်းများ ဖြစ်ကြပါသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လုပ်ငန်း တာဝန်များတွင်လည်း မှုခင်း ကြိုတင် တားဆီး ကာကွယ်ရေးသည် ပင်မလုပ်ငန်း တာဝန် တစ်ရပ်ပင် ဖြစ်ပါ သည်။ ရပ်ကွက်/ကျေးရွာများတွင် ခိုး၊ ဆိုး၊ နှိုက်၊ မူးယစ် ရမ်းကား၍ ပြစ်မှုကျူးလွန်လေ့ ရှိသူများမှာ ရဲတပ်ဖွဲ့၏ လူဆိုး စာရင်းဝင်များ ဖြစ်ကြပြီး စောင့်ကြည့်ခြင်း ခံရသူများလည်း ဖြစ်ကြပါသည်။ တချို့ဆိုလျှင် သက်ဆိုင်ရာ ရဲစခန်းတွင် (နယ်မြေ/နေရာ ကန့်သတ်ချက်ဖြင့်) ခြေချုပ်နှင့် ခံဝန် ပြုလုပ်ထားသူများလည်း ပါဝင်ကြပါသည်။

သို့ရာတွင် ယခုအခါ တပ်ဖွဲ့ဝင် အင်အား နည်းပါးခြင်းအပြင် မှုခင်း ကြိုတင်ကာကွယ်ရေး လုပ်ငန်းကို အရေးမပါဟု သဘောထားကြသော အထက် လူကြီးအချို့က တာဝန် ပေးအပ်သည့် အခြားလုပ်ငန်း တာဝန်များကို ထမ်းဆောင်နေရခြင်းကြောင့်လည်း ဖြစ်နိုင်သလို တပ်ဖွဲ့ဝင်များ ကိုယ်တိုင်ကလည်း ယင်းလုပ်ငန်းသည် မိမိအတွက် ရပေါက်ရလမ်း မဖန်တီးနိုင်သည့် လုပ်ငန်းအဖြစ် ယူဆသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ ထို့အပြင် ရပ်ရွာအတွင်းရှိ ဥပဒေ ချိုးဖောက်သူများ ဖြစ်ကြသော အရက်ပုန်း ရောင်းသူများ၊ ချဲထီ အရောင်းဒိုင်များ၊ ဘောလုံး လောင်းကစားဒိုင်များ စသည်တို့ကို အကာအကွယ် ပေးနေရသည့် အတွက်လည်း ဖြစ်နိုင်ပါသည်။ ၎င်းတို့ကို အကာအကွယ် ပေးသည့်အတွက် မိမိတွင် အကျိုးကျေးဇူး တစ်စုံတစ်ရာ ရှိကြသည် မဟုတ်ပါလား။ ကျွန်တော် ထိုသို့ ဆိုရခြင်းမှာ အရမ်းကာရော စွပ်စွဲ ပြောဆိုခြင်း မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေး၏ ပြောစကားက အထောက်အကူပြုပါသည်။

၎င်းက အဆိုပါကိစ္စနှင့် ပတ်သက်၍ “ဘောလုံး လောင်းကစားမှု များပြားလာတယ်ဆိုတာက ရဲတပ်ဖွဲ့ဝင်တချို့ရဲ့ အကျင့်သိက္ခာ ပျက်ပြားပြီး လောင်းကစားမှုအပေါ်  မှီခိုပတ်သက်နေတာကြောင့် ဖြစ်တယ်။ ရဲတပ်ဖွဲ့ဝင်တွေက လောင်းကစားသမားတွေနဲ့ ကင်းအောင် နေပြီး ထိရောက်စွာ ဖမ်းဆီး အရေးယူ နိုင်ခဲ့မယ်ဆိုရင် လောင်းကစားမှုတွေ လျော့နည်း ပပျောက် သွားမှာပါ” ဟု ပြောကြားကြောင်း - ၁၉.၁.၂၀၁၄ ရက် နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြ ပါရှိပါသည်။ အဆိုပါ သတင်း၌ပင် “စခန်းရဲ့ လိုအပ်ချက်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ မိသားစုဘဝ ရပ်တည်နိုင်ဖို့ လိုအပ်ချက်တွေကြောင့် လောင်းကစား လောကသားတွေနဲ့ ရဲတွေ မကင်းနိုင်တာ။ တစ်လကို စခန်းတစ်ခုရဲ့အထွေထွေ ကုန်ကျငွေက ၁၀ သိန်း အထက် ရှိတယ်လေ။

ပြီးတော့ ရဲတစ်ယောက်ရဲ့ မိမိတာဝန်ကျရာ အပိုင်နယ်မြေထဲမှာ သတင်းအမြဲ ရရှိအောင် စုံစမ်းနိုင်ဖို့ ရဲသတင်းပေးတွေ မွေးရသေးတယ်။ ကိုယ့် အပိုင် နယ်မြေထဲမှာလည်း ဆိုင်ကယ်တစ်စီးနဲ့ လှည့်ပြီး သတင်း စုံစမ်းရတာကြောင့် ဓာတ်ဆီဖိုးကအစ ကိုယ့်ဟာကိုယ် ရှာရတာ။ ဘယ်ဌာနကမှ  ဒီကုန်ကျ စရိတ်တွေကို အခုထိ ထောက်ပံ့ပေးသေးတယ်ဆိုတာ ရှိမှ မရှိတာ” ဟု ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့မ ရဲစခန်းတစ်ခုမှ နယ်ထိန်းတစ်ဦးက ရှင်းလင်း ပြောကြားသည်ဟု ဖော်ပြထားပါသည်။

အဆိုပါ ဖော်ပြချက်များနှင့် ပတ်သက်၍ ရဲစခန်းတစ်ခု၏ အထွေထွေ ကုန်ကျငွေဟု ဆိုရာတွင် အထက်အဆင့် တပ်ဖွဲ့များအတွက် ရန်ပုံငွေ ရှာဖွေ ပေးရခြင်း၊ အထက်အရာရှိများအတွက် အခါရာသီ အလိုက် ကန်တော့ရခြင်းနှင့် ကန်တော့ခြင်း လက်ဆောင်ပေးရခြင်းများလည်း ပါဝင်ကြောင်း သူငယ်ချင်း ရဲအရာရှိ တစ်ဦးက ပြောပြ၍ သိရှိရပါသည်။ ပြစ်မှု ကြိုတင် ကာကွယ်ရေးနှင့် တရားခံကို ဖမ်းဆီးရမိရေးအတွက် ကုန်ကျရသော စရိတ်များအတွက်မူ တိုက်ရိုက် တာဝန်ရှိသူများနှင့် တိုက်ရိုက် တာဝန် မရှိသော်လည်း  တရားဥပဒေ စိုးမိုးရေး ခေါင်းစဉ်အောက်တွင် သွယ်ဝိုက်ကာ ပါဝင် ပတ်သက် နေသူတို့အနေဖြင့် အကောင်းဆုံး အဖြေတစ်ခုကို အမြန်ဆုံး ရှာဖွေပေးရန်တော့ လိုအပ်နေပြီ ဖြစ်ပါသည်။

ဤနေရာတွင် ရဲတပ်ဖွဲ့ဝင်တို့အနေဖြင့် လွဲမှား နားလည်နေသော အမြင်တစ်ခုကို ထောက်ပြ ပြောဆိုလိုပါသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့မ ရဲစခန်းတစ်ခုမှ ရဲအရာရှိ တစ်ဦးက ပြောကြားရာတွင် “ရဲရဲ့ ဆောင်ပုဒ်မှာ တရားခံ ၁၀ ဦး လွတ်ချင်လွတ်ပါစေ၊ အပြစ်မရှိတဲ့ ပြည်သူကို မှားယွင်းစွာ မဖမ်းဆီးမိစေနဲ့ဆိုတာ ရှိတယ်” ဟူ၍ ပြောဆိုကြောင်း အထက်ဖော်ပြပါ သတင်းတွင် ပါရှိပါသည်။ ကျွန်တော် မှတ်သား သိရှိသမျှ တရားသူကြီးများ ပြစ်ဒဏ် စီရင်ချက် ချမှတ်ရာတွင် သက်သေ အထောက်အထား ခိုင်လုံမှု မရှိဘဲ သံသယဖြင့် ပြစ်ဒဏ် စီရင်ခြင်းကို ကာကွယ်ရန်အတွက် ဥပဒေပညာရှင် တစ်ဦးက ချမှတ်ခဲ့သော အဆိုအမိန့် ဖြစ်ပြီး ဥပဒေ၏ အခြေခံ သဘော တရား တစ်ရပ်အဖြစ် ထည့်သွင်း သင်ကြားလေ့ ရှိပါသည်။ ဥပဒေ ပြဋ္ဌာန်းချက် တစ်ခုမဟုတ်ဟူ၍ နားလည်ပါသည်။ တရားခံကို အကြောင်း တစ်ခုခုဖြင့် လွှတ်ပစ်သော တရားသူကြီးများ၏ လက်သုံးစကားလည်း ဖြစ်လာပါသည်။ ဥပဒေပညာ သင်ကြားရာတွင် တပည့်များကို ဆရာဖြစ်သူက အမြဲတစေ မှာကြား ပြောဆိုသော စကားဖြစ်ပြီး တရားသူကြီးများကို သင်တန်း ပို့ချရာတွင်လည်း သင်တန်းဆရာများက မှာကြား ပြောဆိုလေ့ ရှိပါသည်။

ရဲတပ်ဖွဲ့ဝင်တို့မှာမူ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူကို ဖမ်းဆီး စစ်ဆေးရမည်သာဖြစ်ပြီး သက်သေ မခိုင်လုံပါက စွပ်စွဲခံရသူ/သံသယရှိသူကို ပြန်လည် လွှတ်ပေးရန်နှင့် သက်သေ အထောက်အထား ခိုင်လုံပါက အမှုကို ခိုင်မာစွာ တည်ဆောက်၍ တရားစွဲဆို တင်ပို့ရမည် ဖြစ်ပါသည်။ ရဲတပ်ဖွဲ့ဝင် (တရားစွဲ အရာရှိ) က တင်ပြသော သက်သေ အထောက်အထား ခိုင်လုံမှု ရှိမရှိ အပေါ်မူတည်၍သာလျှင် သက်ဆိုင်ရာ တရားသူကြီးက အပြစ်ရှိ၊ မရှိ ဆုံးဖြတ်ပြီး စီရင်ချက် ချမှတ်မည်ဖြစ်ရာ ရဲတပ်ဖွဲ့ဝင်တို့ အနေဖြင့် မိမိလိုလျှင် လိုသလို/ မလိုလျှင် မလိုသလို မမှန် သက်သေခံ ဖန်တီးခြင်း/သက်သေခံပစ္စည်း ဖျောက်ဖျက်ခြင်းများ ပြုလုပ်မှ သာလျှင် အထက်တွင် ပြောဆိုသည့်အတိုင်း အပြစ်ရှိသူများ လွတ်မြောက်ခြင်းနှင့် အပြစ်မရှိသော ပြည်သူကို မှားယွင်း အပြစ်ပေးခြင်းတို့ ဖြစ်လာမှာ ဖြစ်ပါသည်။ ရဲတပ်ဖွဲ့ဝင် တစ်ယောက် အနေဖြင့်မူ  မှားယွင်း ဖမ်းဆီးမှု ရှိနိုင်ပါသည်။ ထိုသို့သော မှားယွင်းမှုအတွက် အမှုကို ပြန်လည် ပိတ်သိမ်းရန် အကျိုးအကြောင်း ဖော်ပြချက်နှင့်အတူ ယခင်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးထံ ယခု ဥပဒေအရာရှိထံ တင်ပြ၍ အမှုကို ပြန်လည် ပိတ်သိမ်းနိုင်ပါသည်။

တရားဥပဒေ စိုးမိုးရေးအတွက် အဓိက တာဝန်ရှိသူ နောက်တစ်ဦးမှာ တရားသူကြီးပင် ဖြစ်ပါသည်။ ပြဋ္ဌာန်းထားသော ဥပဒေများနှင့်အညီ တရားမျှတ လွတ်လပ်စွာ တရားစီရင်ရေး တာဝန်မှာ တရားသူကြီးများ၏ ပခုံးထက်တွင် ရှိပါသည်။ ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကို၏ မကြာသေးမီက ပုဂ္ဂလိက မီဒီယာများသို့ ထုတ်ဖော် ပြောကြားရာတွင် “ကော်မတီထံသို့ ပြည်သူတွေက ပေးပို့ကြသော တိုင်ကြားစာပေါင်း ၁၀၀၀၀ ကျော်အနက် ရာခိုင်နှုန်း ၉၀ ကျော်သည် တရားသူကြီးများ၏ တရားမျှတမှု မရှိဘဲ အကျင့်ပျက် လာဘ်စားမှုများ လုပ်ကိုင်နေသည့် ဖြစ်ရပ်များကို တိုင်ကြားသည့်စာများ ဖြစ်နေသည့် အတွက်ကြောင့် လက်ရှိ မြန်မာနိုင်ငံ တရားစီရင်ရေး စနစ်၏ စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်ရမည့် ဖြစ်ရပ်ဖြစ်ကြောင်း၊ ယင်းတိုင်ကြားစာများတွင် ပါဝင်သော အချက်များမှာ တရားစီရင်ရေး ကဏ္ဍတွင် ငွေများတရားနိုင် ဖြစ်နေခြင်း၊ မတရား စီရင်ခံရခြင်း အပါအဝင် ဥပဒေ အရာရှိများက ဥပဒေကို အလွဲသုံးစား ပြုမှုများနှင့်  တရားသူကြီးများနှင့် ရဲများ ပေါင်းပြီး မတရားလုပ်ရပ်များ လုပ်ဆောင်ကြခြင်းနှင့် ပတ်သက်၍ တိုင်ကြားမှုများ ရရှိခဲ့ကြောင်း” စသည်ဖြင့် ပြောကြားခဲ့ပါသည်။

အလားတူ တရားစီရင်ရေး မဏ္ဍိုင် ယိမ်းယိုင်မှုများနှင့် စပ်လျဉ်း၍ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက “ယခင်ကတည်းက တရားရုံးများတွင် အားနည်းမှုများ ရှိနေကြောင်း ထောက်ပြခဲ့သော်လည်း ဖော်ထုတ် အရေးယူ ဆောင်ရွက်ခြင်း မရှိခဲ့သဖြင့် ယခုကဲ့သို့ တိုင်ကြားစာများ အများအပြား ရှိနေကြောင်းနှင့် ယင်းတိုင်ကြားစာများ မည်မျှအထိ မှန်ကန်ကြောင်းကိုမူ တရားစီရင်ရေး မဏ္ဍိုင်မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ လွှတ်တော် ကော်မတီများ၏ စိစစ် ဖော်ထုတ်မှုများကသာ အဖြေမှန် ရရှိနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း“ ဆောင်းပါးရှင် “သစ်ထွဋ်” က ၁၉.၁.၂၀၁၄ ရက်နေ့ထုတ်  The Daily  ELEVEN Newespaper တွင် “တရားစီရင်ရေး နှင့် တရားဥပဒေ စိုးမိုးမှု” အမည်ရှိ ဆောင်းပါးတွင် ရေးသား ဖော်ပြခဲ့ပါသည်။

၎င်းက ဆက်လက် ရေးသားရာတွင် “တကယ်လို့ သင့်အနေနဲ့ လက်ရှိ တရားရေးရာ ဆောင်ရွက်မှုတွေကို သိချင်လာရင်တော့ တရားစွဲဆိုမှုတစ်ခု ကြုံတွေ့နေရသူ သို့မဟုတ် တရားစွဲဆိုထားသူ တစ်ဦးကိုသာ အကျိုးအကြောင်း မေးကြည့်ဖို့ အကြံပြုလိုပါတယ်။ သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ရဲ၊ ဥပဒေအရာရှိ၊ တရားသူကြီး အပါအဝင် တရားရုံးစာရေး စာချီကအစ ဘယ်သူတွေက တရားစီရင်ရေး မဏ္ဍိုင်ကို ယိမ်းယိုင်အောင်မက ပြိုလဲအောင် ပြုလုပ်နေသလဲဆိုတာ ကိုယ်တိုင် ထင်ထင်ရှားရှား သိရှိလာမှာပါ။ ရတဲ့လစာ မလောက်ငတာကို အကြောင်းပြပြီး အမှုသည်တွေကို ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း၊ မက်လုံးပေးခြင်း အပါအဝင် နည်းအမျိုးမျိုးနဲ့ ဥပဒေတွေကို လက်တစ်လုံးကြား လိုရင် လိုသလို၊ မလိုရင် မလိုသလို အလွဲသုံးပြီး မတော်လောဘတွေနဲ့ နိစ္စဓူဝ လုပ်ကိုင် ဆောင်ရွက်နေ ကြသလဲဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်လာရမယ်လို့ ပြောလိုပါတယ်”  ဟု ဖော်ပြပါရှိပါသည်။

ကျွန်တော့်အနေဖြင့်မူ အဆိုပါကိစ္စနှင့် ပတ်သက်၍ အခြားသူတစ်ဦး၊ တစ်ယောက်ကို မေးမြန်းစရာ မလိုတော့လောက်အောင်ပင် ကိုယ်တိုင် တွေ့ကြုံ ခံစားခဲ့ရပြီး ဖြစ်ပါသည်။ မှန်ကန်သော အမှုအတွက် အမှန်အတိုင်း ဆုံးဖြတ်ပေးမည်ဟု ယုံကြည်မှု ရှိသော်လည်း အမှုကို ရက်ချိန်း မြန်မြန် ချိန်းဆိုရေးအတွက်နှင့် ရုံးတစ်ရုံးနှင့် တစ်ရုံး စာ/အမှုတွဲ ရောက်ရှိရေး၊ စီရင်ချက် မိတ္တူ ကူးယူ ရေး ကိစ္စ အပါအဝင် ရုံးလုပ်ငန်း အမျိုးမျိုးအတွက် ငွေကြေးများစွာ ကုန်ကျခဲ့ ပြီး တရားရုံး အဆင့်ဆင့်က အမြန်ဆုံး စစ်ဆေး ပေးသည့်အတွက် ခုနစ်နှစ်/ ရှစ်နှစ်ခန့် ကြာမြင့်ခဲ့ကာ ထိုကဲ့သို့ အမှုကို မှန်မှနှ်နှင့် မြန်မြန် စီရင်ချက် ချပေးသဖြင့် ကျေးဇူးတင်ကြေးကလည်း မသေးလှပါ။

တရားဥပဒေ စိုးမိုးရေးအတွက် နောက်ထပ် အရေးပါသော ကဏ္ဍမှာ  အုပ်ချုပ်ရေး ကဏ္ဍပင် ဖြစ်ပါသည်။ ဗြိတိသျှ နယ်ချဲ့တို့သည် မြန်မာနိုင်ငံကို အုပ်ချုပ်ရန်အတွက် ၁၉၀၇ ခုနှစ်တွင် မြို့များ အက်ဥပဒေနှင့် ကျေးရွာ အက်ဥပဒေတို့ကို ပြဋ္ဌာန်းခဲ့ပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အတည်ပြု ပြဋ္ဌာန်းပြီးနောက် ယင်းဥပဒေပုဒ်မ ၂၈၉ အရ ပြည်ထောင်စု လွှတ်တော်သည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို၂၀၁၂ ခုနှစ်တွင် ဥပဒေ အမှတ် (၁၀) အဖြစ် အတည်ပြု ပြဋ္ဌာန်းပေးခဲ့ပြီး ၁၉၀၇ ခုနှစ် မြို့/ကျေးရွာ အက်ဥပဒေတို့ကို ဖျက်သိမ်းခဲ့ပါသည်။

တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မှုခင်းများ၊ ဒုစရိုက်မှုများ ဖော်ထုတ် ဖမ်းဆီး အရေးယူခြင်း၊ ကြိုတင် ကာကွယ်ခြင်း စသည်တို့ ပြုလုပ်နိုင်ရန် ရပ်ကွက်/ကျေးရွာအတွင်း အောက်ပါ ကိစ္စရပ်များနှင့် ပတ်သက်၍ သတင်း ပေးပို့ရမည်ဟု ယင်းဥပဒေပုဒ်မ ၁၃ (က) မှ (င)အထိတွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားရှိပါသည် ..

- ခိုးရာပါ ပစ္စည်း/အစိုးရ တားမြစ် ပစ္စည်းများကို လက်ခံ ရောင်းချသူများ လာရောက် တည်းခိုခြင်း၊ အချုပ်ပြေး၊ ထောင်ပြေး၊ ဝရမ်းပြေး၊ ရဲပြေးနှင့် မသင်္ကာသူများ၊ သူစိမ်းများ လာရောက် တည်းခိုခြင်း၊ လာရောက်ကြောင်း သတင်းရရှိခြင်း၊

- လူသတ်မှု၊ လူသေမှု၊ ဓားပြမှု၊ လုယက်မှု၊ လက်နက်မှု စသည်တို့ကို ကျူးလွန်ကြောင်း/ကြံစည်ကြောင်း သတင်းရရှိခြင်း၊

- ပြည့်တန်ဆာအဖြစ် အသက်မွေးသူ၊ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရန် ခေါ်ဆောင်သူ၊ ပြည့်တန်ဆာ အိမ်ထားရှိသူ၊ အိမ်ကို အသုံးပြုခွင့် ပေးသူကို တွေ့ရှိခြင်း၊

- နိုင်ငံပိုင် ပစ္စည်းများကို ခိုးယူခြင်း၊ အလွဲသုံးစား ပြုခြင်း၊ ဖျက်ဆီးခြင်း ပြုသူများ၊ ကြံစည်သူများ၊ အားပေး ကူညီသူများအား တွေ့ရှိခြင်းနှင့် ဥပဒေ တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်းနှင့် ကျူးလွန်ရန် ကြံစည်ခြင်း စသည်တို့အတွက် သတင်းများ ပေးပို့ရမည် ဖြစ်ပါသည်။

အထက်ဖော်ပြပါ ရေးသား တင်ပြချက်များအရ နိုင်ငံတစ်နိုင်ငံ၏ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး ကိစ္စကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်မှာ တရားရေး အဖွဲ့အစည်းများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ရဲတပ်ဖွဲ့ဝင်များအားလုံး ဟန်ချက်ညီစွာ အကောင်အထည်ဖော် ဆောင်ရွက်ကြရန် အထူးလိုအပ်သည် ဆိုခြင်းမှာ ထင်ရှားပါသည်။ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းသည် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖြစ်ပေါ်ရေးအတွက် များစွာ အရေးပါသော လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ရာ မဖြစ်မနေ အောင်မြင်အောင် ဆောင်ရွက်သွားကြရမည်သာ ဖြစ်ပါသည်။ အစိုးရအဖွဲ့ကို ကိုယ်စားပြုသည့် အုပ်ချုပ်ရေးအဖွဲ့/ အုပ်ချုပ်ရေးမှူး အဆင့်ဆင့်၏ အဓိကလုပ်ငန်း တာဝန်တစ်ရပ်မှာ နိုင်ငံ၏ အေးချမ်းသာယာရေးကို ထိန်းသိမ်း ထားနိုင်ခြင်းနှင့် အခြေခံဥပဒေ အပါအဝင် တည်ဆဲ ဥပဒေများ အားလုံးကို နိုင်ငံတစ်ဝန်းလုံး၏ နေရာဒေသမရွေး၊ လူပုဂ္ဂိုလ်မရွေး အပေါ်တွင် အာဏာ သက်ရောက်အောင် ဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။

ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ဥပဒေကိုကျော်၍သော် လည်းကောင်း၊ ဥပဒေ၏ အထက်စီးတွင် ရှိနေခြင်းမျိုးကိုသော်လည်းကောင်း မဖြစ်အောင် ထိန်းသိမ်းရပါသည်။ တရားဥပဒေ စိုးမိုးခြင်း၏ အဓိပ္ပာယ်သည် “အာဏာကို အလွဲသုံးခြင်းနှင့် အာဏာကို ကျော်လွန် သုံးစွဲခြင်းကို ကာကွယ်ရန် ဖြစ်သည်” ဟု တောင်ပိုင်း ကာလီဖိုးနီးယား တက္ကသိုလ်မှ ပါမောက္ခ Geral Gaiden က ဆိုပါသည်။ ၎င်းက “ ပြည်သူ့အုပ်ချုပ်ရေး ဆိုသည်မှာ လူတစ်ဦးချင်းအပေါ် အခွင့်အရေးပေး စဉ်းစားခြင်း မဟုတ်ဘဲ ယေဘုယျ လူအားလုံးအတွက် ရှေ့နောက် မကွဲပြားသော တူညီသော ပတ်ဝန်းကျင် အခြေအနေကောင်း ဖြစ်ပေါ်ရေးကိုသာ အလေးအနက် ထားခြင်းသည် တရားဥပဒေ စိုးမိုးရေး၏ အနှစ်သာရ” ဟု ဆိုပါသည်။

ထိုကဲ့သို့ နိုင်ငံတစ်ဝန်းလုံး ဥပဒေအာဏာ သက်ရောက်အောင် ဆောင်ရွက်ရာတွင် ဥပဒေသည် အရည်အသွေး ပြည့်မီရန်၊ လက်တွေ့ကျရန်၊ အရာရောက်ရန် အရေးကြီးပါသည်။ ဥပဒေသည် အရည်အသွေး မမီသော၊ အသုံးမတည့်သော၊ အဖျက်အမှောင့်သဘော ဖြစ်နေသော၊ အရာမရောက် သည့် ဥပဒေနှင့် ပြစ်မှုနှင့် ပြစ်ဒဏ် မမျှတသော၊ မလိုက်နာနိုင်သည့် ပြစ်ဒဏ်များ ပါသည့် ဥပဒေများသည် တရားဥပဒေ စိုးမိုးရေးအတွက် အားနည်းကြောင်း ဥပဒေပညာရှင်များက သုံးသပ်ကြသည်ဟု လေ့လာ မှတ်သားဖူးပါသည်။

တရားဥပဒေ စိုးမိုးရေးကို အထောက်အကူပြုသော အာနိသင်ရှိသည့် ဥပဒေများ၏ အနှစ်သာရမှာ ပြဋ္ဌာန်းထားသော ဥပဒေပါ ပြစ်ဒဏ်များကို ရှောင်ရှားခြင်းထက် ဥပဒေကို လေးစား လိုက်နာခြင်းက ပို၍ တန်ဖိုးကြီးကြောင်းနှင့် ထိုကဲ့သို့သော ဥပဒေများကို ပြဋ္ဌာန်းနိုင်မှသာလျှင် တရားဥပဒေ စိုးမိုးရေးမှာ ပို၍ ထက်မြက်မည် ဖြစ်ကြောင်းကိုလည်း ဥပဒေပညာရှင်များက ဆိုကြပါသည်။

အချုပ်ဆိုရသော် ပြည်သူ့အကျိုးကို ရှေးရှုသော၊ အရည်အသွေး ပြည့်မီသော၊ အသုံးတည့်သော ဥပဒေများကို ဥပဒေပြု အဖွဲ့အစည်းက ပြဋ္ဌာန်း၍ အုပ်ချုပ်ရေး အဖွဲ့အစည်းက ဥပဒေကို အာဏာသက်ရောက်မှု ရှိစေလျက် တရားစီရင်ရေးအဖွဲ့က ဥပဒေနှင့်အညီ ပြစ်မှုနှင့် ပြစ်ဒဏ် မျှတအောင် စီရင်ဆောင်ရွက်ကြမည်ဆိုလျှင် ...

တရားဥပဒေစိုးမိုးပြီး အေးချမ်းသာယာသော နိုင်ငံအဖြစ်သို့ အပြောမဟုတ် လက်တွေ့ ရောက်ရှိမည် ဖြစ်ပါသည်။


Ref : ဦးကျော် (အောင်မြတ်ကျော်)၊ ညွှန်ကြားရေးမှူး (ငြိမ်း)၊ မြန်မာနိုင်ငံ ဝန်ထမ်း၏ ရပ်/ကျေးအုပ်ချုပ်ရေးမှူး လက်စွဲ/တရားဥပဒေ စိုးမိုးရေးအတွက် သိမှတ်ဖွယ်ရာများ

thevoicemyanmar