ရန်ကုန် ကရင်နှစ်သစ်ကူးပွဲတော် လူဦးရေ တစ်သောင်းကျော် တက်ရောက်

ပို့စ်တင်ချိန် - 1/02/2014 05:15:00 PM


ရန်ကုန်၊ ဇန်နဝါရီ ၁

ရန်ကုန်မြို့တော် အင်းစိန်မြို့နယ် မဟာဆေးဝင်္ကပါ အာလိန်ငါးဆင့် ဘုရားဝင်းတွင် ဇန်နဝါရီလ ၁ ရက်နေ့က ကျင်းပပြုလုပ်သော ကရင်နှစ်သစ်ကူး ပွဲတော်သို့ ပရိသတ်ဦးရေ တစ်သောင်းကျော် တက်ရောက်ကြောင်း ရန်ကုန် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (ရန်ကုန်) မှ အထွေထွေ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။

အဆိုပါ ပွဲတော်တွင် ကရင်အမျိုးသား အလံတင်ခြင်းနှင့် အလေးပြုခြင်း၊ နှစ်သစ်ကူးနေ့ ဟောပြောပွဲများ၊ ကရင် သမိုင်းဆိုင်ရာ သတင်းနှင့် ပြန်ကြားရေး ပြခန်းနှင့် ကရင် ယဉ်ကျေးမှု ပြခန်းများ ဖွင့်လှစ်ပြသခြင်း၊ ကရင် အမျိုးသား လက်ဝှေ့ပြိုင်ပွဲ၊ အားကစားပွဲများနှင့် ကရင်ရိုးရာ ဒုံးအက ပြိုင်ပွဲများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့သည်။
“ရန်ကုန်မှာ လုပ်ရတာ နေရာအခက်အခဲ ဖြစ်တယ်။ ဒါပေမဲ့ လူတစ်သောင်းကျော်တောင် လာတယ်ဆိုတော့ ကျေနပ်ပါတယ်” ဟု ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (ရန်ကုန်) မှ ကော်မတီဝင် ဦးကျော်ညွန့်က ပြောကြားသည်။

လူတစ်သောင်းကျော် တက်ရောက်မှုကြောင့် ပွဲတော်ပြုလုပ်ရာ ဘုရားဝင်းနှင့် ဘုရားဝင်းအနီး တစ်ညလုံး ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေး ကော်မတီ၊ လုံခြုံရေးနှင့် သူနာပြု ဆပ်ကော်မတီမှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ကရင် အမျိုးသား နှစ်သစ်ကူးပွဲကို ဒီဇင်ဘာ ၃၁ ရက်၊ ဇန်နဝါရီ ၁ရက်နေ့နှင့် ဇန်နဝါရီ ၂ ရက်တို့တွင် သုံးရက်တိုင်တိုင် ကျင်းပမည် ဖြစ်ပြီး ယခုနှစ် ကရင်နှစ်သစ်ကူး ပွဲတော်သည် ရန်ကုန်တွင် အကြိမ် (၅၀) မြောက် ကျင်းပခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရှိရသည်။

ရန်ကုန်တွင် ကျင်းပသော ကရင် နှစ်သစ်ကူး ပွဲတော်သို့ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလျက်ရှိသော ကရင်လက်နက်ကိုင် တပ်ဖွဲ့များကို ဖိတ်ကြားခဲ့ခြင်း မရှိပေ။

The Voice Weekly Myanmar