နောင်ချိုတွင်ထင်းခုတ်မှု မြင့်မားနေ၍ တားဆီးရန် လိုအပ်နေ

ပို့စ်တင်ချိန် - 1/08/2014 11:00:00 PM


နောင်ချို၊ ဇန်န၀ါရီ ၈။

နောင်ချိုမြို့တွင် ထုံး၊မီးသွေးဖုတ်ရန် ထင်းအဖြစ် သစ်ပင်များခုတ်လှဲ အသုံးပြုနေသောကြောင့် ရာသီဥတုများ ဖောက်ပြန်ကာလေပြင်းတိုက်ခတ်ခြင်းများ မကြာခဏဖြစ်နေ၍ သစ်ပင်ခုတ်ခြင်းများကို တာဝန်ရှိသူများမှ တားဆီးရန် လိုအပ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“ကျွန်တော်တို့မြို့က အရင်တုန်ကဆို အေးအေးချမ်းချမ်းရှိတဲ့မြို့လေးပါ၊ အရင်နှစ်တွေကလဲ လေပြင်းတိုက်ပါတယ် အပျက်ဆီးဆုံးရှုံးတာ သိမ်မရှိဘူး၊ မနှစ်ကလေပြင်းတိုက်သွားတာဗျာ အိမ်တွေဆို ပျက်လိုက်တာ အရမ်းပဲ ကျွန်တော်တို့တွေ ဘဲကယ်ဆယ်ရေး လုပ်ပေးရတာပေါ့၊ နောက်ပြီး အဲ့ဒီနှစ်မှာပဲ ရေကလဲရှားသွားသေးတယ်၊ ဒါကိုလေ့လာကြည့်လိုက်တော့ မြို့ပတ်ဝန်းကျင်မှာ လေကာတဲ့ သစ်ပင်ကြီးတွေက မရှိတော့ဘူးလေ၊ ဒါနဲ့ကျွန်တော်တို့တေ အဖွဲ့လေးဖွဲ့ပြီးတော့ သစ်ပင်ပြန်စိုက်တယ်ပေါ့ဗျာ၊ စိုက်တာအပင်ပေါင်း နှစ်သောင်းကျော်ရှိသွားပါပြီ။ ဒါပေမယ့်ဗျာစိုက်တဲ့ အရေအတွက်နဲ့ ခုတ်တဲ့အရေအတွက်က ဆယ်ဆတစ်ဆဖြစ်နေတာပေါ့၊ ထုံး၊ မီးသွေးဖုတ်ဖို့ ခုတ်တာပါဗျာ”ဟု (အင်းစိမ်းမြေ)သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးမှ ဥက္ကဋ္ဌ ကိုအောင်ကျော်စိုးက ပြောသည်။

၎င်းထုးံ၊ မီးသွေးဖုတ်လုပ်ကိုင်သူများကို လိုင်စင်အနေဖြင့် ချထားပေးပြီး ထင်းခုတ်စေခြင်းဖြစ်သောကြောင့် လိုင်စင်မဲ့ ခုတ်နေသူများကိုလဲ တာဝန်ရှိသူမှားမှ ထိရောက်စွာ အရေးယူသင့်ကြောင်း “အခုမြို့မှာက ထုံးဖုတ်ဖို့ကို ပါမစ်တွေချထားပေးပါတယ် အဲ့ဒီနောက်မှာက ထင်းခုတ်တဲ့ပါမစ်ကိုပါ ပူးတွဲချထားပေးလိုက်တော့ ထုံးဖုတ်တဲ့သူတွေက လိုင်စင်ရှိတယ်ဆိုပြီးတော့ တစ်ဖိုအတွက်ဆိုပြီး ဆယ်ဖိုစာလောက်ခုတ်ယူနေတော့ ဘယ်မှာလာပြီး သစ်ပင်က ရှိတော့မှာလဲ သစ်ပင်တွေမရှိတော့ တိုက်လာတဲ့လေကို ဘယ်ဟာက ကာထားပေးတော့မှာလဲဗျာ၊ နွေရောက်ရင်လဲ ရေကပြတ်ရော ဒီအတိုင်းဆက်ခုတ်နေမယ်ဆိုရင်တော့ ဒီမြို့ကတော့ သေချာပေါက်ပျက်မှာပဲ၊ ခွင့်ပြတဲ့ သူတွေက ၀န်ထမ်းဖြစ်တော့ အချိန်တန်ရင်၊ တာဝန်ပြီးရင် သူတို့နေရပ်ကို ပြန်သွားကြမှာ၊ ဒုက္ခတွေကိုခံပြီး ကျန်ခဲ့မှာက နောင်ချိုမြို့သူ၊မြို့သားတွေပဲ ဆိုတော့ မြို့ခံတွေက စုပေါင်းကာကွယ်သင့်ပါတယ်”ဟု မြို့မိမြို့ဖတစ်ဦးက ပြောသည်။

အဆိုပါထုံး၊ မီးသွေးဖုတ်ရန်အတွက် ထင်းခုတ်သူမျာသည် မူလကတောထဲ ယင်းနောက်တောင်ယာများ၊ ယခုအခါ ရွာထဲ၌ ရှိသည့် ညောင်ပင်ကြီးများကိုပါ ထင်းအဖြစ် အသုံးပြုရန် ခုတ်လှဲနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စိုးမင်းနိုင်
The Myanma Age