သံတွဲတွင် ညမထွက်ရအမိန့် သုံးနာရီလျှော့ချ

ပို့စ်တင်ချိန် - 1/01/2014 07:15:00 PM


ရန်ကုန်၊ မဇ္ဈိမ ။        ။ အောက်တိုဘာလအတွင်းက လူမျိုးစုနှစ်ခု ပဋိပက္ခများဖြစ်ပွားခဲ့သည့် သံတွဲမြို့တွင် ညမထွက်ရအမိန့် သုံးနာရီ လျှော့ချလိုက်ပြီဖြစ်သည်ဟု သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက ဒီဇင်ဘာ ၃၀ ရက်တွင် မဇ္ဈိမ ကိုပြောသည်။

ယခင်က ည ၆ နာရီမှ မနက် ၆ နာရီအတွင်း သွားလာခွင့်မပြုဘဲ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရာမှ ဒီဇင်ဘာ ၃၀ ရက်တွင် နံနက် ၄ နာရီမှ ည ၇ နာရီထိ သုံးနာရီလျော့ချ လိုက်ခြင်းဖြစ်ပြီး ဒေသတွင်း လုံခြုံရေးများ ဆက်လက်ထားရှိဦးမည် ဖြစ်သည်။

“ဒေသတွင်း အခြေအနေက တော်တော်လေး တည်ငြိမ်လာပြီ ဖြစ်တဲ့အတွက် ရပ်မိရပ်ဖတွေနဲ့ တိုင်ပင်ပြီး လျှော့ချပေးတာပါ။ အခြေအနေ ဆက်လက်တည်ငြိမ်နေမယ်ဆိုရင် ညမထွက်ရအမိန့်ကို ရုပ်သိမ်းသွားဖို့ အစီအစဉ်ရှိပါတယ်” ဟု ဦးထွန်းဝေက မဇ္ဈိမ ကိုပြောသည်။

ထိုသို့ လျော့ချရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော မြို့နယ်တည်ငြိမ်အေးချမ်းရေး ကော်မတီနှင့် မြို့မိမြို့ဖများအဖွဲ့များ တိုင်ပင်ကာ ပြည်နယ်အစိုးရကို တင်ပြပြီး ပြည်နယ်အစိုးရ အတည်ပြုချက်ဖြင့် လျှော့ချပေးခဲ့ခြင်း ဖြစ်သည်။

ညမထွက်ရအမိန့် လျော့ချခြင်းနှင့် ပတ်သက်ပြီး သံတွဲမြို့ ဒေသခံတစ်ဦးဖြစ်သည့် ဦးထွန်းမြင့်က "မနက်လေးနာရီ ကတော့ ဒီဘက်ဒေသက ဈေးရောင်းဈေးဝယ်တွေ စောစောသွားလာရတဲ့အတွက် အဆင်ပြေပါတယ်၊ ည ကျတော့ သိပ်မထူးပါဘူး။ ၉ နရီလောက်ထိ လျှော့ပေးနိုင်ရင်တော့ ပိုအဆင်ပြေတာပေါ့”ဟု ပြောသည်။

သံတွဲမြို့တွင် ဇွန်လ အတွင်းက အမြင်မတူသော လူအုပ်စုနှစ်ခုကြား ပထမအကြိမ် ပဋိပက္ခဖြစ်ပွားပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရာမှ ဒေသ တည်ငြိမ်မှုကြောင့် ယခုကဲ့သို့ လျော့ချပေးပြီး ဖြစ်သည်။ သို့သော်လည်း အောက်တိုဘာလအတွင်းက ထပ်မံဖြစ်ပွားခဲ့သဖြင့် ပုဒ်မ ၁၄၄ ကို ထပ်မံတိုးမြင့်လိုက်ခြင်းဖြစ်ပြီး ယခုထပ်မံလျော့ချခြင်း ဖြစ်သည်။

သံတွဲပဋိပက္ခတွင် အိုးမဲ့အိမ်မဲ့ဖြစ်ရသော အိမ်ထောင်စုပေါင်း(၁၁၂)စုနှင့် လူဦး ရေ(၄၈၇)ဦး၊ ဘာသာရေး အဆောက်အအုံ သုံးလုံးနှင့် ဆီဂိုဒေါင်တစ်လုံးရှိပြီး အောက်တိုဘာလ ၁၄ ရက်က ထုတ်ပြန်ထားသည်။
Written by  ကေဇူး
Mizzima Burmese